ရိုးသားစွာပြောဆိုခြင်းမှ ကျွန်မ ရရှိခဲ့သည့်အရာ

21.07.2022

ချူးဂို အမေရိကန်နိုင်ငံ

သိပ်မကြာခင်တုန်းက ဘုရားရဲ့ မိတ်သဟာယတစ်ပိုဒ်ကို ညီမ ကြားခဲ့ရတယ်။ အဲဒီမှာပြောတာက “မျက်နှာလိုမျက်နှာရလုပ်ခြင်း၊ ကပ်ဖားရပ်ဖားလုပ်ခြင်း၊ လူများကြားလိုသည်ဟု ထင်သည့်အရာကို ပြောခြင်းဟူသည့် ဤစကားများ၏ တိုက်ရိုက်အဓိပ္ပာယ်သည် မည်သည့်အရာဖြစ်သည်ကို လူတိုင်းက သိနိုင်ခြေရှိပါသည်။ ဤအရာကို လုပ်ဆောင်သည့် လူများကိုလည်း တွေ့နေကျဖြစ်သည်။ မျက်နှာလိုမျက်နှာရလုပ်ခြင်း၊ ကပ်ဖားရပ်ဖားလုပ်ခြင်း၊ လူများကြားလိုသည်ဟု ထင်သည့်အရာကို ပြောခြင်း၊ များသောအားဖြင့် ဤနည်းဖြင့် စကားပြောခြင်းသည် လူများ၏ မျက်နှာသာပေးခြင်း၊ သို့မဟုတ် ချီးမွမ်းခြင်းကို ရဖို့၊ သို့မဟုတ် အကျိုးအမြတ် တစ်မျိုးကို ရယူဖို့ဖြစ်သည်။ ဤသည်မှာ ကပ်ဖားတို့၏ အတွေ့ရအများဆုံး စကားပြောပုံဖြစ်ပြီး ထိုသို့သော အရာများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တစ်ရပ်လုံး၌ အတိုင်းအတာ အနည်းအများဆိုသလို ပေါ်လွင်ပြီး ဆိုးယုတ်သော အတွေးအခေါ်များဖြင့် စကားပြောခြင်း နည်းလမ်းများထဲမှ တစ်ခုအဖြစ် မှတ်ယူ၍ရသည်ဟု ပြောလျှင် မှန်ကောင်းမှန်နိုင်ပါသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို လူသိရှင်ကြား မထီမဲ့မြင်ပြုပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၂)”) အဲဒီအချိန်တုန်းက ဘုရားနှုတ်ကပတ်တော်က ဒီလိုလူတွေကို ဖွင့်ပြတာကို ကြားတော့ ကိုယ့်ကိုယ်ကိုယ်နဲ့ ယှဉ်မကြည့်ခဲ့ဘူး။ ဒီလိုလူတွေကို ညီမ ရွံမိတယ်။ သူတို့ကို မကြိုက်ဘူး။ သူတို့နဲ့ အချိန်ကို အသုံးမချချင်ဘူး။ အဲဒါနဲ့ ညီမက ဒီလိုလူတွေထက်ပိုသာတယ်လို့ ထင်ခဲ့တာပေါ့။ မျှော်လင့်မထားဘဲ အမှန်တရားတွေက ညီမကို ဖွင့်ပြတဲ့အခါမှာ ညီမက ကိုယ့်အကျိုးစီးပွားအတွက် လူတွေကို ကျေနပ်အောင်၊ ကိုယ့်ကို မျက်နှာသာပေးအောင် ကြိုးစားပြီး နားဝင်ချိုတာတွေပြောဖို့ ကြိုးစားခဲ့တယ်ဆိုတာ မြင်ခဲ့တယ်။ ဒါကလည်း ဉာဏ်များပြီး လှည့်စားတာပဲလေ။

အရင်သုံးလေးရက်လောက်တုန်းက အုပ်စု အစည်းအဝေးတစ်ခုဆီ သွားခဲ့တယ်။ အစည်းအဝေးပြီးတော့ အစ်ကိုကျန်းရဲ့ မိတ်သဟာယက ဘယ်လိုလဲဆိုတာကို ညီမကို မေးထားတဲ့စာတစ်စောင်ကို ခေါင်းဆောင်က ပို့တယ်။ စာကိုကြည့်ပြီး ညီမ နည်းနည်းစိတ်လှုပ်ရှားသွားတယ်။ “ဘာလို့ ခေါင်းဆောင်က ငါ့ကို ဒီမေးခွန်းကို ရုတ်တရက်ကြီးမေးရတာလဲ။ ဘယ်လို ဖြေသင့်လဲ။ မှားဖြေမိရင် ခေါင်းဆောင်က ငါ့ကို ဘယ်လိုထင်မလဲ။ တခြားလူတွေက ဘယ်လောက်ကောင်းကောင်း မိတ်သဟာယဖွဲ့တယ်ဆိုတာတောင် မသိနိုင်ဘူး၊ ငါက အစွမ်းအစနည်းတယ်၊ ဘာလက်တွေ့ အတွေ့အကြုံမှမရှိဘူးလို့ ခေါင်းဆောင်က ထင်မှာလား။ ဒီလိုဆိုရင် နောင်မှာ ခေါင်းဆောင်က ငါ့ကို ယုံကြည်ပြီး အရေးကြီးတဲ့နေရာတွေမှာ အသုံးပြုပါဦးမလား။ မကြာခင်မှာ အဖွဲ့ခေါင်းဆောင်နေရာကိုတောင် ငါဆုံးရှုံးရနိုင်တယ်” ပေါ့။ ညီမက ကိစ္စတွေကို ပိုင်းခြားသိမြင်နိုင်တယ်လို့ထင်အောင် ညီမရဲ့ပုံရိပ်နဲ့ ရာထူးကိုပဲ ထိန်းသိမ်းချင်ခဲ့တယ်။ အဲဒါနဲ့ သူက ဘာကိုဆိုလိုတာလဲဆိုတာ စပြီး တွေးမိတယ်။ သူက မေးတယ်ဆိုတော့ အစ်ကိုကျန်းရဲ့ မိတ်သဟာယမှာ ပြဿနာရှိတယ်လို့ ခံစားရတာဖြစ်မယ်ပေါ့။ ဒီတော့ ခေါင်းဆောင်က လက်ခံတာကို ငါ ဘယ်လိုရနိုင်မလဲပေါ့။ အစ်ကိုကျန်းမိတ်သဟာယပြုတာတချို့က အယူဝါဒစကားတွေဖြစ်တယ်လို့ ထင်ပေမဲ့ တချို့ဟာတွေကတော့ လက်တွေ့ကျတယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ ညီမက မှန်မှန်ကန်ကန် မမြင်မှာကို စိုးရိမ်မိတယ်။ အဲဒါနဲ့ ညီမ တကယ်ထင်တာတွေကို ခေါင်းဆောင်ကို ပြောမပြခဲ့ဘူး။ အဲဒီအစား ညီမက “အစ်ကိုကျန်းက အနှစ်မပါတဲ့ အယူဝါဒတွေအများကြီး မိတ်သဟာယပြုတယ်”လို့ ပြောလိုက်တယ်။ ခေါင်းဆောင်က ပြန်ပြောတယ်။ “သူပြောတာကပဲ အယူဝါဒဖြစ်နေတာ။ နောင်ကျရင် သူ့ကို သေချာသတိပေးပြီး ကူညီလိုက်ပါ” တဲ့။ ခေါင်းဆောင်ရဲ့ ပြန်စာကို ဖတ်ပြီးတော့ ညီမက တွေးတယ်။ “ကံကောင်းတယ်။ ငါတကယ်ထင်တာတွေကို မပြောပြလိုက်ဘူး။ မဟုတ်ရင် ငါက ကိုယ့်ကိုယ်ကိုယ် အမြင်မကောင်းအောင် လုပ်မိမှာပဲ။ ဒါဆိုရင် ခေါင်းဆောင်က ငါ့ကို ရိပ်စားမိမှာပဲ” ပေါ့။

အဲဒီနောက်ချက်ချင်းပဲ ညီမ တခြားအဖွဲ့အစည်းအဝေးတစ်ခုဆီသွားတယ်။ အစည်းအဝေးပြီးတဲ့နောက်မှာ ခေါင်းဆောင်က ညီမဆီကို စာပို့ပြီးမေးတယ်။ “အစ်မလျူရဲ့ မိတ်သဟာယကို ဘယ်လိုထင်လဲ” တဲ့။ ဒီစာကို မြင်တော့ ညီမ နည်းနည်း ကြက်သေသေသွားမိတယ်။ အစည်းအဝေးမှာ ညီမစိတ်တွေက လျှောက်စဉ်းစားနေတော့ အဲဒီအစ်မရဲ့ မိတ်သဟာယကို လုံးဝ နားမထောင်ခဲ့ဘူး။ ညီမက ဘယ်လိုဖြေရမှာလဲ။ ရိုးရိုးသားသားပြောလိုက်ရင် ခေါင်းဆောင်က ညီမကို ဘယ်လိုထင်မလဲ။ ဒီအစ်မက အယူဝါဒတွေကို ခဏခဏပြောတယ်လို့ ခေါင်းဆောင်က အရင်ကပြောတာကို ကြားရတာကို ညီမ မှတ်မိတယ်။ ဒါဆို ဒီပြဿနာကို အတည်ပြုဖို့ ခေါင်းဆောင်က စာပို့လိုက်တာလားပေါ့။ အရင်တစ်ခေါက်က အစ်ကိုကျန်းက အယူဝါဒတွေပြောတယ်လို့ ခေါင်းဆောင်ကထင်လို့ ညီမကို မေးခဲ့တယ်။ ဒီတစ်ခါလည်း ဒီအကြောင်းပြချက်ပဲ ဖြစ်နိုင်တယ်လို့ တွေးမိတယ်။ အဲဒါနဲ့ ဖြေလိုက်တယ်။ “သူ့မိတ်သဟာယကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသိမြင်မှုကို သူပိုင်ဆိုင်သလဲဆိုတာ သူ့ရဲ့ ဘယ်အမြင်တွေ ပြောင်းသွားလဲဆိုတာ ညီမ မကြားခဲ့ဘူး” ဆိုပြီးတော့။ ညီမ စာပြန်တာကို ဖတ်ပြီးတော့ ခေါင်းဆောင်က ဘာမှမပြောဘူး။ ဒီတစ်ကြိမ်မှာ ညီမ စိတ်ငြိမ်အောင်မထိန်းနိုင်ဘဲ တွေးမိတယ်။ “ခေါင်းဆောင်က ငါ့အဖြေကို မကျေနပ်ဘူးလား။ ငါ မှားဖြေလိုက်တာလား။ အဲဒီလိုဆိုရင် ငါ့အတွက်တော့သွားပြီပဲ။ ငါက အစွမ်းအစနည်းတယ်လို့ ခေါင်းဆောင်က ထင်မှာလား”ပေါ့။ အဲဒီနေ့တွေမှာ ဒီကိစ္စက ညီမအတွေးတွေကို ရံဖန်ရံခါ နှောင့်ယှက်နေတယ်။

သုံးလေးရက်ကြာတော့ အစည်းအဝေးတစ်ခုလုပ်နေတုန်းမှာ ညီမစိတ်နှလုံးကို ထိုးဖေါက်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်မိတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူများရှေ့၌ တစ်မျိုး၊ လူတို့နောက်ကွယ်၌ တစ်မျိုး ပြုမူတတ်သည့် လိမ်လည်လှည့်ဖြားသော လူတို့သည် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရရန် ဆန္ဒမရှိကြပေ။ သူတို့ အားလုံးသည် ထာဝရပြစ်ဒဏ်ခံရခြင်းနှင့် ပျက်စီးခြင်း၏သားများ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်နှင့် မဟုတ်ဘဲ၊ စာတန်နှင့် ဆိုင်သောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ရွေးချယ်သည့် လူအမျိုးအစား မဟုတ်ပါတကား။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်) အရင်နေ့က ဖြစ်ပျက်ခဲ့တာကိုပဲ ညီမ တွေးနေမိတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယကို ဘယ်လိုထင်လဲဆိုပြီး ခေါင်းဆောင်က မေးတုန်းကအချိန်ပေါ့။ မမှန်ကန်တဲ့ အဖြေက ခေါင်းဆောင်ရဲ့ စိတ်နှလုံးထဲမှာရှိတဲ့ ညီမရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းကို ထိခိုက်မှာကို ညီမ စိုးရိမ်တာကြောင့် ညီမရဲ့ တကယ့်ထင်မြင်ချက်ကို ခေါင်းဆောင်ကို မပြောပြရဲခဲ့ဘူးလေ။ ဒါကြောင့် လှည့်စားတဲ့နည်းလမ်းနဲ့ ဖြေခဲ့တယ်။ ခေါင်းဆောင်က ထင်တဲ့အရာကို ညီမက မှန်းပြီးတော့ သူ့အတွေးတွေနဲ့ ကိုက်တဲ့ပုံစံအတိုင်းဖြေဖို့ ကြိုးစားခဲ့တယ်။ ဒီလိုဆိုရင် အမှားသိပ်မဖြစ်လောက်ဘူး၊ ညီမ အားနည်းချက်တွေကို ပြမိမှာမဟုတ်ဘူး၊ ညီမကို မရိပ်စားမိလောက်ဘူး၊ ညီမရာထူးက ပိုပြီး စိတ်ချရမယ်လို့ ထင်ခဲ့တာ။ ခေါင်းဆောင်ကို အရူးလုပ်ပြီး ညီမအတွေးတွေကို ဖုုံးကွယ်လိုက်တာကြောင့် ညီမက ပါးနပ်တယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က ဖြောင့်မတ်ပြီး အရာရာကို မြင်တယ်။ ဘုရားသခင်က ညီမရဲ့ လှည့်စားတဲ့ ရည်ရွယ်ချက်တွေနဲ့ လှည့်ကွက်တွေကို လုံးဝ ရှင်းရှင်းလင်းလင်း မြင်ပြီး တစ်ခုစီတိုင်းကို ရှုတ်ချပါတယ်။ ဘုရားနှုတ်ကပတ်တော်ကို ညီမ ချင့်ချိန်စဉ်းစားလေလေ၊ ကြောက်လေလေပဲ။ ညီမအတွေးတွေက ဘယ်လိုဖြစ်ပြီး အရမ်းဆိုးယုတ်ပြီး စက်ဆုပ်စရာကောင်းပြီး ရှက်စရာကောင်းနေရသလဲဆိုတာ တွေးမိတယ်။

ဘုရားသခင်က အန္တိခရစ်တွေရဲ့ သရုပ်သကန်တွေဖြစ်တဲ့ “မျက်နှာလိုမျက်နှာရလုပ်ခြင်း၊ ကပ်ဖားရပ်ဖားလုပ်ခြင်း၊ လူများကြားလိုသည်ဟု ထင်သည့်အရာကို ပြောခြင်းဟူသည့် ဤစကား” ဆိုတာတွေကို ဖွင့်ပြခဲ့ပုံကိုလည်း ညီမ သတိရတယ် အဲဒါနဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ရှာကြည့်လိုက်တယ်။ ဘုရားသခင်က ပြောသည်- “အန္တိခရစ်များသည် ဘုရားသခင်ကို မမြင်နိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိပေ။ ခရစ်တော်ကို ၎င်းတို့ ကြုံတွေ့သောအခါ သာမန်လူတစ်ယောက်နှင့်မခြား ဆက်ဆံကြသည်။ အစဉ်သဖြင့် သူ၏ အမူအရာနှင့်လေသံမှ အရိပ်နိမိတ် ယူကြသည်။ အခြေအနေနှင့် သင့်တော်သလို ၎င်းတို့၏ လေသံကိုပြောင်းကြသည်။ အမှန်တကယ်ဖြစ်ပျက်နေသည့်အရာကို မည်သည့်အခါမျှ မပြောပေ။ ရိုးသားစစ်မှန်သည့်အရာတစ်ခုမှ မပြောပေ။ အနှစ်မရှိသည့် စကားများနှင့် အယူဝါဒကို ပြောသည်။ ၎င်းတို့ မျက်စိရှေ့တွင် ရပ်နေသော စစ်မှန်သည့်ဘုရားကို လှည့်စားပြီး တစ်ပတ်ရိုက်ဖို့ ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိ။ ၎င်းတို့သည် စိတ်နှလုံးထဲမှ ဘုရားသခင်ကို စကားပြောနိုင်စွမ်း၊ စစ်မှန်သည့်အရာတစ်ခုမျှ ပြောနိုင်စွမ်း လုံးဝမရှိပေ။ ၎င်းတို့သည် မြွေတစ်ကောင် တွန့်လိမ်သွားသကဲ့သို့ အကွေ့အဝိုက်များပြီး သွယ်ဝိုက်သော နည်းလမ်းဖြင့် စကားပြောကြသည်။ ၎င်းတို့ စကားများ၏ ဟန်ပန်နှင့် ဦးတည်ရာတို့သည် ဖရဲသီးအနွယ်တစ်ခုက တိုင်ပေါ် တက်နေသကဲ့သို့ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ကောင်းသော အစွမ်းအစရှိပြီး ရာထူးတိုးခြင်း ခံရနိုင်သည်ဟု သင်ပြောသည့်အခါ၊ ၎င်းတို့က ၎င်းတို့မည်မျှ တော်ကြောင်းနှင့် ၎င်းတို့ထဲ၌ ထင်ရှားသည့်အရာနှင့် ပေါ်လွင်သည့်အရာကို ချက်ချင်းပြောကြသည်။ ပြီးလျှင် သင်က တစ်စုံတစ်ဦးသည် ဆိုးသည်ဟု ပြောသည့်အခါ၊ ၎င်းတို့သည် မည်မျှ ဆိုးပြီး မကောင်းကြောင်း၊ ၎င်းတို့သည် အသင်းတော်၌ မည်မျှ ဆူပူလှုပ်ရှားမှုများနှင့် အနှောင့်အယှက်များ ဖြစ်စေကြောင်းတို့ကို အလျင်အမြန် ပြောပေသည်။ သင်သည် တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး သမ္မာတရားကို သင်ယူလိုသည့်အခါ၊ ၎င်းတို့၌ ပြောစရာ တစ်စုံတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် သင် ကောက်ချက်ချဖို့ကို စောင့်ဆိုင်းရင်း၊ သင်၏ စကားများရှိ အဓိပ္ပာယ်ကို အာရုံစိုက် နားစွင့်ရင်း၊ မလိမ့်တပတ်လုပ်သည်။ ဤသို့ဖြင့် သင်ကြားလိုသည့်အရာကို ၎င်းတို့ပြောနိုင်ရန်အတွက်ဖြစ်သည်။ ၎င်းတို့ပြောသည့်အရာ မှန်သမျှသည် မြှောက်လုံးပင့်လုံး၊ သူတစ်ပါးစိတ်ကျေနပ်စေဖို့ အပြင်းအထန်ကြိုးစားခြင်းနှင့် ခယဝယ လုပ်ခြင်းတို့ ဖြစ်ကြသည်။ ၎င်းတို့၏နှုတ်မှ သမ္မာတရား၏ စကားတစ်လုံးမျှ မထွက်လာပေ။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို လူသိရှင်ကြား မထီမဲ့မြင်ပြုပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၂)”)ဘုရားသခင်က ရိုးသားသောသူတို့ကို ချစ်သည်။ သို့သော် လှည့်စားပြီး ဉာဏ်များသောသူတို့ကို မုန်းတီးသည်။ သင်သည် သစ္စာဖောက်သောသူအဖြစ် ပြုမူလုပ်ဆောင်ပြီး လှည့်စားမှုများပြုရန် ကြိုးစားလျှင် ဘုရားသခင်က သင့်ကို မမုန်းဘဲနေမည်လော။ ဘုရားအိမ်တော်က သင့်ကို သက်သက် လွတ်ပေးလိမ့်မည်လော။ အနှေးနှင့် အမြန် သင်သည် တာဝန်ခံရမည်ဖြစ်သည်။ ဘုရားသခင်က ရိုးသားသောသူတို့ကို နှစ်သက်ပြီး သစ္စာမရှိသောသူတို့ကို မနှစ်သက်ပေ။ ဤအရာကို လူတိုင်း ရှင်းလင်းစွာ နားလည်သင့်ပြီး ရှုပ်ထွေးပြီး မိုက်မဲသောအရာများလုပ်ဆောင်ခြင်းကို ရပ်တန့်သင့်သည်။ ယာယီ မသိနားမလည်ခြင်းက နားလည်ပေး၍ရသည်။ သို့သော် သမ္မာတရားကို လက်ခံရန် လုံးဝ ငြင်းဆန်ခြင်းသည် ပြောင်းလဲရန်အတွက် ခေါင်းမာသော ငြင်းဆန်မှုဖြစ်သည်။ ရိုးသားသောသူတို့သည် တာဝန်ခံယူနိုင်သည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များ၊ ဆုံးရှုံးမှုများကို ထည့်မစဉ်းစားဘဲ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကို ကာကွယ်ပေးသည်။ ၎င်းတို့တွင် တစ်ချက်ကြည့်ရုံမျှဖြင့် အောက်ခြေကိုမြင်နိုင်သော ကြည်လင်သည့် ရေဇလုံတစ်ခုကဲ့သို့ ကြင်နာပြီး ရိုးသားသော နှလုံးသားများရှိသည်။ ၎င်းတို့၏ လုပ်ရပ်များတွင်လည်း ပွင့်လင်းမြင်သာမှုရှိသည်။ လှည့်စားသောသူသည် အစဉ်သဖြင့် လှည့်ကွက်များပြုလုပ်သည်။ အစဉ်သဖြင့် အမှုအရာများကို ဖုံးဖိဖာထေးသည်။ ဖုံးကွယ်သည်။ မည်သူမျှ ၎င်းတို့ကို မရိပ်စားမိရန်အတွက် မိမိတို့ကိုယ်ကို တင်းကျပ်စွာ ဖုံးကွယ်ထားသည်။ သင်၏ အတွင်းပိုင်း အတွေးများကို လူတို့က မရိပ်စားမိနိုင်ပေ။ သို့သော် ဘုရားသခင်က သင်၏စိတ်နှလုံးထဲရှိ အနက်ရှိုင်းဆုံးအရာကို မြင်နိုင်သည်။ သင်က မရိုးသားသောသူဖြစ်သည်ကိုလည်းကောင်း၊ ဉာဏ်များသည်ကိုလည်းကောင်း၊ သမ္မာတရားကို လုံးဝ လက်မခံသည်ကိုလည်းကောင်း၊ သင်သည် ဘုရားသခင်အား အစဉ်သဖြင့် လှည့်စားဖို့ ကြိုးစားနေသည်ကိုလည်းကောင်း၊ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံသို့ လွှဲပြောင်းမပေးသည်ကိုလည်းကောင်း ဘုရားသခင်က မြင်လျှင် ဘုရားသခင်သည် သင့်ကို ချစ်မည်မဟုတ်ပေ။ သူသည် သင့်ကို မုန်းတီးပြီး စွန့်ပစ်လိမ့်မည်။ မယုံကြည်သူများကြားတွင် ကြီးပွားနေသောသူများအားလုံး၊ အပြောကောင်းသော၊ ဖြတ်ထိုးဉာဏ်ကောင်းသောသူများ၊ ဤလူများသည် မည်သည့်လူအမျိုးအစားဖြစ်သနည်း။ သင်တို့အတွက် ရှင်းလင်းသလော။ ၎င်းတို့၏ အနှစ်သာရသည် အဘယ်နည်း။ ၎င်းတို့အားလုံးသည် သာမန်ထက်လွန်ကဲစွာ လိမ္မာပါးနပ်သည်၊ ၎င်းတို့အားလုံးသည် အလွန့်အလွန် ကောက်ကျစ်ပြီး မယုံကြည်ရပေ၊ ၎င်းတို့သည် အမှန်တကယ် စာတန်နတ်ဆိုးဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသို့သောသူတစ်ယောက်ကို ဘုရားသခင်က ကယ်တင်နိုင်သလော။ ဘုရားသခင်က နတ်ဆိုးများထက် မုန်းတီးသူ မရှိပေ၊ ကောက်ကျစ်ပြီး ခိုးကြောင်ခိုးဝှက်ပြုသူများကို အမုန်းတီးဆုံးဖြစ်သည်။ ဘုရားသခင်က ဤသို့သောသူများကို လုံးဝ ကယ်တင်မည်မဟုတ်ပေ။ ထို့ကြောင့် မည်သည့်အရာကို သင်တို့လုပ်ဆောင်သည်ဖြစ်စေ ဤသို့သောသူမျိုး မဖြစ်စေနှင့်။ မိမိတို့၏စကား၌ အစဉ် သတိဝီရိယ ရှိပြီး ရှုထောင့်အားလုံးကို ဆင်ခြင်စဉ်းစားသည့်၊ အခြေအနေကို လေ့လာသိမြင်နိုင်ပြီး မိမိတို့၏ကိစ္စများကို ကိုင်တွယ်ရာ၌ ပရိယာယ် များသည့်သူတို့— သင်တို့ကို ငါ ပြောမည်၊ ဘုရားသခင်က ထိုသို့သောလူများကို အမုန်းဆုံးဖြစ်သည်။ ဤသို့သောလူတို့သည် ရွေးနုတ်၍ မရနိုင်တော့ပေ။ လူတို့သည် ကောက်ကျစ်ပြီး ခိုးကြောင်ခိုးဝှက်ဖြစ်သောအခါ ၎င်းတို့ပြောသည့်အရာက မည်မျှ ကောင်းမွန်သည့်ပုံစံရှိပါစေ လှည့်စားသော မုသားများပင်ဖြစ်သည်။ ၎င်းတို့၏ စကားလုံးများက ကောင်းမွန်လေလေ၊ ၎င်းတို့သည် စာတန်နတ်ဆိုးဖြစ်လေလေ ဖြစ်သည်။ ထို့ကြောင့် ဤအရာတို့သည် အတိအကျပင် ဘုရားသခင် အရွံရှာဆုံး လူအမျိုးအစားဖြစ်သည်။ အဘယ်အရာကို သင်တို့ပြောသနည်း။ ကောက်ကျစ်သော၊ လိမ်ညာရာတွင် ကျွမ်းကျင်သော၊ စကားပြောချိုသာသောသူများ၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို လက်ခံရရှိနိုင်သလော။ သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပေးခြင်းနှင့် ဉာဏ်အလင်းဖွင့်ပြခြင်းကို လက်ခံရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ ကောက်ကျစ်ပြီး ခိုးကြောင်ခိုးဝှက်ပြုသောသူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ၎င်းတို့ကို ပစ်ပစ်ခါခါငြင်းပယ်ပြီး ဘေးဖယ်ထားကာ အရေးမစိုက်ပေ။ သူသည် ၎င်းတို့ကို တိရစ္ဆာန်များဖြင့် အမျိုးအစားတူအဖြစ် သတ်မှတ်သည်။ ဘုရားသခင်၏ အမြင်တွင် ဤသို့သောလူများသည် လူသားအရေခွံကို ဝတ်ဆင်ထားခြင်းမျှသာဖြစ်သည်။ အနှစ်သာရတွင် ၎င်းတို့သည် စာတန်နတ်ဆိုးနှင့် အမျိုးအစားတူဖြစ်သည်။ ၎င်းတို့သည် လမ်းလျှောက်နေသော အလောင်းကောင်များဖြစ်ပြီး ဘုရားသခင်က ၎င်းတို့ကို မည်သည့်အခါမျှ ကယ်တင်မည်မဟုတ်ပေ။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း)

ဘုရားနှုတ်ကပတ်တော်ကနေ အန္တိခရစ်တွေဟာ အထူးသဖြင့် ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခုရှိတယ်ဆိုတာ မြင်ခဲ့တယ်။ သူတို့ရဲ့ ကိုယ်ပိုင်ပန်းတိုင်တွေကို ရရှိဖို့ ခရစ်တော်ရှိနေရင်တောင်မှ မြှောင့်ပင့်ပြီး အခြေအနေအရလုပ်တယ်။ သူတို့ရဲ့ လှည့်ကွက်တွေကို ခရစ်တော်က မမြင်ဘူး၊ ခရစ်တော်ကို လှည့်စားနိုင်တယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့် ဘုရားကို ပြောင်ပြောင်တင်းတင်း လှည့်စားရဲတယ်။ ဘုရားကို အသုံးပြုတယ်။ ဘုရားကို လူသားတစ်ယောက်လို ဆက်ဆံတယ်။ ဘုရားသခင်အပေါ် ဒီသဘောထားက ဘုရားအတွက် ရွံရှာမုန်းတီးဖွယ်ဖြစ်ပါတယ်။ ညီမက ခရစ်တော်နဲ့ တိုက်ရိုက်အထိအတွေ့မရှိပေမဲ့ ညီမဖော်ထုတ်တဲ့ စိတ်သဘောထားက အန္တိခရစ်နဲ့ အတူတူပဲ။ တကယ်တော့ ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယကို ဘယ်လိုထင်လဲဆိုပြီး ခေါင်းဆောင်က ညီမကိုမေးတာက တော်တော်ကို မေးလေ့ရှိတဲ့ မေးခွန်းဖြစ်ပြီး ညီမထင်တဲ့ဘာကိုမဆို ပြောနိုင်တယ်။ ဒါပေမဲ့ ညီမက ရှုပ်အောင်လုပ်ပြီး ညီမစိတ်က အလှည့်အပြောင်းတွေ အများကြီးလုပ်ခဲ့တယ်။ ခေါင်းဆောင်က ညီမရဲ့ ပိုင်းခြားသိမြင်မှု အရည်အချင်းကို စမ်းသပ်နေတာလား တွေးတယ်။ အမှားလုပ်မိရင် သူက ညီမကို အထင်အမြင်သေးပြီး တန်ဖိုးမထားမှာ၊ ပျိုးထောင်မပေးတော့မှာကို ကြောက်ခဲ့တယ်။ သူ့စိတ်နှလုံးထဲက ညီမရဲ့ ပုံရိပ်နဲ့ နေရာကို ထိန်းသိမ်းဖို့အတွက် ညီမရဲ့ တကယ့်အတွေးတွေကို ဖုံးကွယ်ပြီး သူ့အဓိပ္ပာယ်နဲ့ကိုက်အောင် တမင်ကြိုးစားခဲ့တယ်။ ညီမအပြုအမူက ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြသလိုပါပဲ။ တွန့်လိမ်သွားတဲ့ မြွေလို၊ ရစ်တက်နေတဲ့ နွယ်ပင်လို လိမ်လည် လှည့်ပတ်နေတာပေါ့။ ဒီနည်းလမ်းနဲ့ လူတွေကို ဆက်ဆံပြီး အဆင်ပြေအောင်လုပ်ခဲ့တယ်။ အားလုံးက သူတို့ကို လှည့်စားပြီး ဆော့ကစားဖို့အတွက်ပဲပေါ့။ ညီမက အထူးသဖြင့် ဉာဏ်များပြီး လှည့်စားခဲ့ပါတယ်။ ပြီးတော့ ဒီစကားတွေကို ပြောတဲ့အခါမှာ ညီမက မသိတာမဟုတ်ဘူး။ စဉ်းစားတွက်ချက်ပြီးမှ ပြောတယ်။ တမင်သက်သက်လုပ်ခဲ့တာပါ။ ဘုရားသခင်က ညီမရဲ့ လှည့်ကွက်တွေကို မသိဘူးလို့တောင် ညီမ ထင်ခဲ့တယ်။ ဒါကြောင့် ပြောင်ပြောင်တင်းတင်းလိမ်ညာပြီး လှည့်စားရဲခဲ့တယ်။ ဘုရားသခင်အပေါ် နည်းနည်းလေးမှ ကြောက်ရွံ့မှုမရှိခဲ့ဘဲ ဘုရားသခင်ကို ဘုရားအဖြစ် လုံးဝ မဆက်ဆံခဲ့ဘူး။ တခြားလူတွေကို လိမ်ညာလှည့်စားရဲခဲ့တယ်။ ဒီတော့ ခရစ်တော်နဲ့ ထိတွေ့ဆက်ဆံဖြစ်ခဲ့ရင် ဘုရားကို သေချာပေါက် လှည့်စားမိပြီး အသုံးပြုမိမှာပဲ။ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမှာပဲ။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ညီမ အရမ်းသတိထားမိခဲ့ပါတယ်။ “ဘုရားသခင်၏ အမြင်တွင် ဤသို့သောလူများသည် လူသားအရေခွံကို ဝတ်ဆင်ထားခြင်းမျှသာဖြစ်သည်။ အနှစ်သာရတွင် ၎င်းတို့သည် စာတန်နတ်ဆိုးနှင့် အမျိုးအစားတူဖြစ်သည်။ ၎င်းတို့သည် လမ်းလျှောက်နေသော အလောင်းကောင်များဖြစ်ပြီး ဘုရားသခင်က ၎င်းတို့ကို မည်သည့်အခါမျှ ကယ်တင်မည်မဟုတ်ပေ။” ဒီနှုတ်ကပတ်တော်တွေကြောင့် ညီမ ချက်ချင်း တုံ့ဆိုင်းသွားတယ်။ ဘုရားက ညီမရဲ့ သဘာဝကို ဖွင့်ပြနေပြီး ညီမရဲ့ လုပ်ရပ်တွေကို ခွဲခြားပြီးဖော်ပြနေတာပါ။ သူများတွေနဲ့ ညီမ အပြန်အလှန်ဆက်ဆံရာမှာ သူတို့စကားတွေ၊ အမူအရာတွေကို ပုံမှန်လေ့လာစောင့်ကြည့်တာကို အမှတ်ရမိတယ်။ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ဆိုရင် ညီမက အထူးသဖြင့် မြှောက်ပင့်တယ်။ သူတို့ရဲ့ အတွေးတွေကို မှန်းဆပြီး သူတို့အတွေးတွေနဲ့ ကိုက်အောင် အမြဲတမ်း ကြိုးစားတယ်။ ဘယ်သူကမှ ညီမကို မရိပ်စားမိနိုင်တာကြောင့် ဒီလိုအသက်ရှင်တာက ပါးနပ်တယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က ညီမကို ရိပ်စားမိနေပါပြီ။ ဘုရားသခင်က ညီမလိုလူမျိုးတွေကို အထူးရွံရှာမုန်းတီးတယ်။ ဘုရားသခင်က ရိုးသားသူတွေကို ချစ်ပြီး လှည့်စားသူတွေကို မုန်းတယ်လို့ ဘာကြောင့်ပြောသလဲဆိုတာ အခု နောက်ဆုံးမှာ ညီမ နားလည်သွားခဲ့တယ်။ ရိုးသားသူတွေရဲ့ စိတ်နှလုံးက သန့်စင်ပြီး ရေလို ကြည်လင်တာကြောင့်၊ လူတွေနဲ့ ဘုရားကို ရိုးသားစွာ ဆက်ဆံတာကြောင့် သူတို့အားနည်းချက်တွေကို ဘယ်တော့မှ တမင်တကာ မဖုံးကွယ်တာကြောင့်၊ ဟန်မဆောင်တာကြောင့်ဖြစ်ပါတယ်။ ဒီလိုလူတွေက ပင်ပန်းတဲ့ဘဝကို အသက်မရှင်ရဘူး။ တခြားလူတွေက သူတို့နဲ့ အဆင်ပြေရတာကို နှစ်သက်တယ်။ ဘုရားက သူတို့ကို နှစ်သက်တယ်။ ဒါပေမဲ့ လှည့်စားတဲ့သူတွေရဲ့ စိတ်က ရှုပ်ထွေးတယ်။ အရာရာမှာ ကြံစည်ကြပြီး ကိုယ်ပိုင်ရည်ရွယ်ချက်တွေရှိကြတယ်။ အရမ်းရိုးရှင်းတဲ့ ကိစ္စတွေ၊ စကားတွေက သူတို့ဆီမှာ အရမ်းရှုပ်ထွေးသွားတယ်။ လှည့်စားတဲ့လူတွေရဲ့ စကားတွေ၊ လုပ်ရပ်တွေအားလုံးက သူတို့ရဲ့ ကိုယ်ပိုင်ပန်းတိုင်တွေကို ရရှိဖို့အတွက် တခြားလူတွေကို စိတ်ရှုပ်ထွေးစေပြီး လှည့်စားဖို့အတွက်ပဲဖြစ်တယ်။ မကောင်းဆိုးဝါးဆန်တဲ့ သဘာဝကို အသက်ရှင်နေထိုင်ကြတယ်။ ဒီလိုလူတွေကို ဘုရားက ဘယ်တော့မှ မကယ်ပါဘူး။ ဒါကို တွေးရင်းနဲ့ ညီမ နည်းနည်းကြောက်လာတယ်။ ညီမရဲ့ ကိုယ်ပိုင်သဘာဝက စာတန်လိုပဲ လှည့်စားပြီး ကောက်ကျစ်ဆိုးယုတ်တယ်၊ သမ္မာတရားကိုလိုက်စားပြီး ကိုယ့်ကိုယ်ကိုယ် မပြောင်းလဲသေးရင် ဘုရားက စွန့်ပစ်ပြီး အပြစ်ဒဏ်ပေးတာကိုခံရမယ်ဆိုတာ မြင်ခဲ့ပါတယ်။ ဘုရားက သန့်ရှင်းပြီး ဖြောင့်မတ်တယ်။ ဘုရားရဲ့ နိုင်ငံတော်မှာ နေထိုင်မယ့်သူတွေအားလုံးက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့လိုလားတဲ့ လူတွေဖြစ်တယ်။ လှည့်စားတဲ့သူက ဘယ်တော့မှ ဘုရားနိုင်ငံတော်ကို ဝင်ရမှာမဟုတ်ဘူး။ ဒါကို စဉ်းစားရင်းနဲ့ ညီမ အရမ်းနောင်တရတယ်။ ညီမရဲ့ လှည့်စားတဲ့၊ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ မရှင်သန်ချင်တော့ဘူး။ အဲဒါနဲ့ ညီမက ရိုးသားသူတစ်ယောက်ဖို့ဖို့ လက်တွေ့လုပ်ဆောင်ချင်တယ်၊ ဘယ်သူပဲဖြစ်ပါစေ လူတိုင်းကို ဖွင့်ပြောပြီး ရိုးသားစွာပြောဆိုချင်တယ်လို့ပြောဖို့အတွက် ဘုရားကို ဆုတောင်းခဲ့တယ်။ အဲဒီနောက် အစည်းအဝေးတစ်ခုမှာ ညီမရဲ့ စက်ဆုပ်ဖွယ် ရည်ရွယ်ချက်တွေနဲ့ ဒီကိစ္စနှစ်ခုမှာ ညီမပြသခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြောခဲ့ပါတယ်။ ဒီလိုလုပ်ပြီးတဲ့နောက်မှာ ညီမ ပိုပြီး စိတ်သက်သာရာရပြီး စိတ်အေးခဲ့ပါတယ်။

အဲဒီနောက်မှာ ညီမ တွေးမိတယ်။ ညီမနဲ့ပတ်သက်ပြီး ခေါင်းဆောင်ကပြောတာကို ဘာလို့ အမြဲတမ်းဂရုစိုက်နေပြီး ဒီအပေါ်မှာ ဘာလို့ လိမ်ညာလှည့်စားနိုင်တာလဲပေါ့။ တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ညီမဖတ်ရတယ်။ “ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်၏ အဆင့်သည် မည်သို့ဖြစ်စေ သင်တို့သည် ၎င်းတို့၏ သမ္မာတရားအပေါ် နားလည်မှုနှင့် ၎င်းတို့၏ ဆုကျေးဇူးတို့အတွက် ၎င်းတို့ကို ကိုးကွယ်ပြီး သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်သည်၊ သင်တို့ကို ကူညီနိုင်သည်ဟု ယုံကြည်လျှင်၊ အရာအားလုံး၌ ၎င်းတို့ကို ကြည်ညိုလေးစားပြီး မှီခိုလျှင်၊ ဤအရာမှတစ်ဆင့် ကယ်တင်ခြင်းကို ရယူရန် ကြိုးစားလျှင်၊ အဆုံး၌ အားလုံးက အလဟဿဖြစ်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စမှတ်က ပင်ကိုအားဖြင့် မှားယွင်းနေသောကြောင့်ဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားမည်မျှကို နားလည်သည်ဖြစ်စေ ခရစ်တော်၏ ကိုယ်စား မည်သူမျှ မရပ်တည်နိုင်ပေ။ ၎င်းတို့ မည်မျှ ဆုကျေးဇူးရှိပါစေ ဤသည်မှာ ၎င်းတို့က သမ္မာတရားကို ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ ထို့ကြောင့် လူများကို ကိုးကွယ်၊ ကြည်ညိုလေးစားပြီး လိုက်လျှောက်သူတို့သည် အဆုံးတွင် အားလုံးထုတ်ပယ်ခြင်းခံရမည်။ ၎င်းတို့အားလုံး ရှုတ်ချခံရမည်။ လူများသည် ဘုရားသခင်ကို ယုံကြည်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို ကြည်ညိုလေးစားပြီး ဘုရားသခင်နောက်ကို လိုက်ရုံသာရှိသည်။ ခေါင်းဆောင်များအကြားတွင် ၎င်းတို့၏ရာထူးအဆင့်က မည်သို့ရှိပါစေ၊ ခေါင်းဆောင်များသည် သာမန်လူများပင် ဖြစ်သည်။ သင်က ၎င်းတို့ကို သင်၏ကြီးကြပ်သူများအဖြစ် မြင်ပါက၊ သင့်ထက် ၎င်းတို့က သာလွန်ကြောင်း၊ ၎င်းတို့သည် သင့်ထက် ပို၍ သာ၍ အရည်အချင်း ရှိကြောင်း၊ ပြီးလျှင် ၎င်းတို့က သင့်ကို ဦးဆောင်သင့်ကြောင်း၊ ၎င်းတို့သည် အဘက်ဘက်တွင် အခြားလူတိုင်းထက် အရည်အသွေးပိုပြည့်မီကြောင်း သင်ခံစားရပါက ယင်းမှာ မှားယွင်းသည်- ယင်းမှာ သင်၏ ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်သည်။...သင်သည် ဘုရားသခင်နောက်ကို လိုက်လျှင် သူ၏နှုတ်ကပတ်တော်များကို နားထောင်သင့်သည်၊ ပြီးလျှင် တစ်စုံတစ်ယောက်က မှန်မှန်ကန်ကန် ပြောဆိုပြုမူကာ ယင်းက သမ္မာတရား၏ အခြေခံသဘောတရားများနှင့် ကိုက်ညီပါက သမ္မာတရားကို နာခံခြင်းသည် အဆင်မပြေသလော။ သင်သည် အဘယ့်ကြောင့် အလွန် ယုတ်ညံ့ရသနည်း။ သင်လိုက်လျှောက်ဖို့ရန် သင်ကိုးကွယ်မည့်သူ တစ်စုံတစ်ဦးကို မလျှော့တမ်း သင် အဘယ်ကြောင့်ရှာဖွေသနည်း- သင်သည် အဘယ့်ကြောင့် စာတန်၏ကျေးကျွန် ဖြစ်လိုသနည်း။ ထိုအစား သမ္မာတရား၏ အစေခံတစ်ဦး အဘယ့်ကြောင့် မဖြစ်ရသနည်း။ ဤအရာက လူတစ်ယောက်၌ အသိစိတ်နှင့် ဂုဏ်သိက္ခာ ရှိမရှိကို ပြ၏။ သင့်ကိုယ်သင်ဖြင့် စတင်သင့်သည်။ သင့်ကိုယ်သင် သမ္မာတရားမျိုးစုံဖြင့် ပြင်ဆင်လော့။ အမျိုးမျိုးသော အရေးကိစ္စများနှင့် လူများ၏ သရုပ်သကန်မျိုးစုံကို ခွဲခြားဖော်ထုတ်နိုင်လော့။ လူမျိုးစုံ၌ ပေါ်လွင်ထင်ရှားသည့်အရာ၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့၌ အဘယ်စိတ်သဘောထား ထုတ်ဖော်ပြသည်ကိုလည်းကောင်း သိလော့။ လူမျိုးစုံ၏ အနှစ်သာရများကို ပိုင်းခြားသိမြင်ဖို့ သင်ယူလော့။ သင့်အနီးအနား၌ အဘယ်လူစားမျိုး ရှိသည်ကိုလည်းကောင်း၊ သင်သည် အဘယ်လူစားမျိုး ဖြစ်သည်ကိုလည်းကောင်း၊ ပြီးလျှင် သင့်ခေါင်းဆောင်သည် အဘယ်လူစားမျိုး ဖြစ်သည်ကိုလည်းကောင်း ရှင်းလင်းစေလော့။ ဤအရာအားလုံးကို သင်ရှင်းလင်းစွာ မြင်သည်နှင့်တစ်ပြိုင်နက်၊ သင်သည် ဤလူများကို သမ္မာတရား၏ စည်းမျဉ်းများအတိုင်း မှန်ကန်သော နည်းလမ်းဖြင့် ချဉ်းကပ်နိုင်စွမ်း ရှိသင့်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ ဖြစ်ပါက၊ သင်သည် ၎င်းတို့အား ချစ်ခြင်းမေတ္တာဖြင့် ရင်ဆိုင်သင့်ပြီး၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ပါက၊ သင်သည် ၎င်းတို့ကို စွန့်လွှတ်ပြီး ဝေးဝေးနေသင့်သည်။ ၎င်းတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားကို ပိုင်ဆိုင်သည့်လူများဖြစ်ပါက၊ သင်သည် ၎င်းတို့အား ကြည်ညိုကောင်း ကြည်ညိုနိုင်သော်လည်း၊ မကိုးကွယ်သင့်ပေ။ မည်သူမျှ ခရစ်တော်၏ နေရာကို ယူ၍မရနိုင်ပေ။ ခရစ်တော်သာလျှင် စစ်မှန်သော ဘုရားသခင်ဖြစ်သည်။ သင်သည် ဤအရာများကို ရှင်းလင်းစွာ မြင်နိုင်ပါက၊ သင်သည် ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်ပြီး အန္တိခရစ်တို့၏ လှည့်စားခြင်းကို ခံရနိုင်ခြေ မရှိသကဲ့သို့၊ အန္တိခရစ်တို့၏ လှည့်စားခြင်း ခံရဖို့ကိုလည်း ကြောက်ရွံ့ရန် မလိုအပ်ပေ။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ထူးဆန်းပြီး ပဟေဠိဆန်သော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏”) ဘုရားသခင် ဖွင့်ပြတာက ညီမရဲ့ အခြေအနေပဲ။ ဘုရားကို ညီမ နှစ်များစွာ ယုံကြည်ခဲ့ပေမဲ့ ညီမစိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိခဲ့ဘူး။ ညီမ အာရုံစိုက်တာက လူတွေရဲ့အာဏာနဲ့ အဆင့်အတန်းပဲ။ ညီမကိုင်စွဲတာက “ခရိုင်ရုံးမှ အရာရှိသည် နယ်ခံအရာရှိကဲ့သို့ လူများကို အမိန့်မပေးနိုင်” ဆိုတဲ့ စာတန်ရဲ့ အဆိပ်ပဲ။ ပြီးတော့ ညီမအပေါ် ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ထိန်းချုပ်မှုက ကွာဝေးတယ်လို့ အမြဲတမ်း ခံစားရတယ်။ ညီမရှေ့က ခေါင်းဆောင်က ညီမအတွက် အရာရာကိုဆုံးဖြတ်ပေးတဲ့သူလို ဖြစ်နေသလိုမျိုးပေါ့။ ပြီးတော့ ညီမက တန်ဖိုးအထားခံရမလား၊ ပျိုးထောင်ခံရမလား၊ တာဝန်ကို လုံးဝထမ်းဆောင်နိုင်မလားဆိုတာ ခေါင်းဆောင်ရဲ့ စကားတွေအပေါ် မူတည်နေခဲ့တယ်။ ဒါက မယုံကြည်သူတွေရဲ့ အမြင်မဟုတ်ဘူးလား။ ခေါင်းဆောင်တွေရဲ့ အသိအမှတ်ပြုမှုကိုရပြီး သူတို့ရဲ့ရာထူး၊ အလုပ်တွေကို ထိန်းသိမ်းဖို့အတွက် မယုံကြည်သူတွေက အရာအားလုံးမှာ သူတို့ခေါင်းဆောင်တွေ ကျေနပ်အောင်လုပ်ပြီး နေရာတကာမှာ သူတို့ကို မြှောက်ပင့်တယ်။ ပင်ကိုစရိုက်နဲ့ ဂုဏ်သိက္ခာမရှိတဲ့ ခိုင်းဖတ်တွေလိုပေါ့။ သူတို့နဲ့ ညီမကြား ကွာခြားချက်က ဘာလဲ။ ခေါင်းဆောင်ရဲ့ အသိအမှတ်ပြုမှုကို ရပြီး ညီမရဲ့ ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် ခေါင်းဆောင်ကို ကျေနပ်အောင်လုပ်ချင်ခဲ့တယ်။ သူနှစ်သက်တာတွေကို မှန်းဆပြီး ဖြည့်ဆည်းပေးဖို့ အစွမ်းကုန်ကြိုးစားတယ်။ အခြေအနေကြည့်ပြီးနေတဲ့ ဉာဏ်များတဲ့ ဗီလိန်တစ်ယောက်ဖြစ်လာခဲ့တယ်။ ကိုယ့်အကျိုးစီးပွားအတွက် လူသားဂုဏ်သိက္ခာကို ဆုံးရှုံးပြီး လုံးဝလူသားမဆန်တော့ဘူး။ တကယ်တော့ ဘုရားအိမ်တော်မှာ လူတွေကို ရွေးချယ်ခြင်း၊ ပျိုးထောင်ခြင်းအတွက် စည်းမျဉ်းတွေရှိပါတယ်။ မယုံကြည်သူတွေရဲ့ လောကလိုမျိုးမဟုတ်ဘူးလေ။ မယုံကြည်သူတွေက “မျက်နှာလိုမျက်နှာရလုပ်ခြင်းနှင့် မြှောက်ပင့်ခြင်းတို့ မပါဘဲ လူတစ်ဦးသည် မည်သည့်အရာမျှ ပြီးမြောက်အောင်မြင်ခြင်း မရှိ”ဆိုတာကို လက်တွေ့လုပ်ဆောင်ကြတယ်။ သူတို့အထက်လူကြီးရဲ့ ဖိနပ်ကို လျှာနဲ့လျက်နိုင်သရွေ့ တကယ့်ပါရမီနဲ့ အသိပညာတောင်မရှိဘဲနဲ့ မျက်နှာသာပေးခံရပြီး ရာထူးတိုးခံရနိုင်တယ်။ ဒါပေမဲ့ ဘုရားအိမ်တော်မှာက မတူဘူး။ ဘုရားအိမ်တော်မှာ သမ္မာတရားက အုပ်စိုးတယ်။ သမ္မာတရားစည်းမျဉ်းတွေအပေါ် အခြေခံပြီး လူတွေကို ရွေးချယ်ပြီး ပျိုးထောင်တယ်။ ကိုယ်က လူ့သဘာဝကောင်းရှိရင်၊ သမ္မာတရားကို လက်ခံနိုင်ရင် ကိုယ့်စိတ်နှလုံးက ဘုရားဘက်ကို လှည့်ရင်၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ရင် ကိုယ့်အစွမ်းအစက နည်းနည်းနိမ့်နေလည်း ကိစ္စမရှိဘူး။ အသင်းတော်က လူတိုင်းအတွက် သင့်တော်တဲ့ တာဝန်ကို စီစဉ်လိမ့်မယ်။ ကိုယ်က မကောင်းတဲ့ စရိုက်လက္ခဏာရှိရင်၊ သမ္မာတရားကို မလိုက်စားရင်၊ လှည့်ကွက်တွေပဲလုပ်ပြီး ကြံစည်ရင် ခေါင်းဆောင်ကို မျက်နှာလိုမျက်နှာရလုပ်ရင်တောင် အရေးကြီးတဲ့နေရာကို ရမှာမဟုတ်ဘူး။ ညီအစ်ကိုမောင်နှမတွေက ရိပ်စားမိပြီး မြင်သွားတာနဲ့ အထင်အမြင်သေးပြီး ငြင်းပယ်ခြင်းခံရမှာပဲ။ တချို့အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေက စည်းမျဉ်းတွေကိုဆန့်ကျင်ပြီး ကပ်ဖားရပ်ဖားလုပ်ပြီး သူတို့ဖိနပ်ကို လျက်ပေးတဲ့သူတွေကို ရာထူးတိုးပေးရင်တောင် အနှေးနဲ့အမြန် ဖော်ထုတ်ခြင်းခံရမှာပဲ။ ဒါကြောင့် ဘုရားအိမ်တော်မှာ ဘယ်တော့မှ ခြေကုပ်ရယူနိုင်မှာမဟုတ်ဘူး။ ဒါကိုညီမနားလည်သွားတာနဲ့ ခေါင်းဆောင်က ညီမကို ဘယ်လိုမြင်တယ်ဆိုတာကို စိတ်မပူတော့ဘူး။ လူတွေက ညီမကိုဘယ်လိုထင်လဲဆိုတာ အရေးမကြီးဘူး။ ညီမတာဝန်မှာ ဆက်လုပ်နိုင်မလားဆိုတာ သမ္မာတရားကိုညီမလိုက်စားပြီး တာဝန်ကို ကောင်းကောင်းထမ်းဆောင်သလားဆိုတဲ့အပေါ်မူတည်တယ်။ ညီမအခုအာရုံစိုက်သင့်တာက ညီမတာဝန်ကို ကောင်းကောင်းလုပ်ဖို့ ပြဿနာတွေ၊ အခက်အခဲတွေကို ဖြေရှင်းဖို့ ညီမတာဝန်မှာသမ္မာတရားကို ရှာဖွေဖို့ပဲ။ ဒါက ညီမလက်တွေ့လုပ်ဆောင်သင့်တဲ့ပုံစံဖြစ်ပြီး ဒါက ညီမရဲ့ တကယ့်တာဝန်ပါပဲ။

အဲဒီနောက်တော့ ဘုရားနှုတ်ကပတ်တော်မှာ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကိုညီမရှာခဲ့ပြီး ဒီအပိုဒ်ကို တွေ့တယ်။ “မျက်နှာလိုမျက်နှာရလုပ်သူ၊ ကပ်ဖားရပ်ဖားလုပ်သူနှင့် သင် ကြားလိုသည်ဟု ၎င်းတို့ထင်သည့်အရာကို သင့်အား ပြောသူတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်ကို သင်တို့အားလုံး သိကြသည်။ သို့ဆိုလျှင် လူများသည် မည်သည့် စည်းမျဉ်းကို လိုက်နာသင့်သနည်း။...ရိုးသားစစ်မှန်လော့။ ဤသည်မှာ ဘုရားသခင်နှင့် အပြန်အလှန် ဆက်ဆံသည့်အခါတွင် လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်သည်။ ဘုရားသခင်ကို မျက်နှာလိုမျက်နှာရလုပ်ဖို့၊ သို့မဟုတ် ကပ်ဖားရပ်ဖားလုပ်ဖို့ စိတ်မဝင်စားနှင့်။ ကပ်ဖားရပ်ဖားလုပ်ဖို့ မလိုအပ်ပေ။ ရိုးသားစစ်မှန်ဖို့ လုံလောက်ပေသည်။ ပြီးလျှင် ရိုးသားစစ်မှန်ခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤအရာကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ (ဟန်ဆောင်လုပ်ပြခြင်း၊ သို့မဟုတ် တစ်စုံတစ်ခုကို ဖုံးကွယ်ခြင်း၊ သို့မဟုတ် မည်သည့်လျှို့ဝှက်ချက်မျှ ထားရှိခြင်းတို့မရှိဘဲ ဘုရားသခင်ကို ရင်ဖွင့်ခြင်း သက်သက်၊ လှည့်စားခြင်း၊ သို့မဟုတ် လိမ်လည်ခြင်းတစ်ခုမျှ မရှိဘဲ၊ ဘုရားသခင်ကို ရိုးသားသော စိတ်နှလုံးဖြင့် တွေ့ဆုံခြင်းနှင့် ပွင့်လင်းခြင်းတို့ဖြစ်သည်။) ယင်းမှာ မှန်ပေသည်။ စစ်မှန်ဖို့ဆိုသည်မှာ၊ သင်သည် သင်၏ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဦးစွာ ဘေးဖယ်ရမည်။ ဘုရားသခင်က သင့်အား မည်သို့ဆက်ဆံသည်ကို အာရုံစိုက်မည့်အစား၊ သင့်စိတ်နှလုံးထဲ ရှိသည့်အရာကို ပြောပြီး၊ သင့်စကားများ၏ အကျိုးဆက်များသည် မည်သည့်အရာ ဖြစ်သည်ကို တွေးဆခြင်း သို့မဟုတ် စဉ်းစားဆင်ခြင်ခြင်း မပြုနှင့်။ သင်တွေးသမျှကို ပြောလော့၊ သင်၏ကြံရွယ်ချက်များကို ဘေးဖယ်လော့၊ ပြီးလျှင် ရည်မှန်းချက်အချို့ကို စွမ်းဆောင်ရရှိဖို့ငှာသာ အမှုကိစ္စများကို မပြောနှင့်။ သင်၌ အလွန်များစွာသော ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိသည့်အခါ၊ သင်သည် သင်စကားပြောသည့်ပုံစံတွင် စဉ်းစားဆင်ခြင်ရင်း အစဉ် တွက်ချက်နေသည်။ ‘ကျွန်ုပ် ဤသည်ကို ပြောသင့်သည်၊ ထိုအရာကို မပြောသင့်၊ ကျွန်ုပ်ပြောသည့်အရာကို ဂရုစိုက် ရမည်၊ ကျွန်ုပ်ကို အကျိုးရှိစေသည့် နည်းလမ်းဖြင့် ပြောမည်၊ ပြီးလျှင် ယင်းက ကျွန်ုပ်၏ အားနည်းချက်များကို ဖုံးဖိပေးပြီး ဘုရားသခင်အား ကျွန်မအပေါ် အကောင်းမြင်စေလိမ့်မည်’ဟု ဖြစ်သည်။ သင်၌ ကြံရွယ်ချက်များ မရှိသလော။ သင်၏နှုတ်ကို မဖွင့်မီ၊ သင်၏စိတ်၌ မရိုးသားသော အတွေးများဖြင့် ပြည့်နေပြီး သင်ပြောလိုသည့်အရာကို သင် သုံးလေးကြိမ် အမှားပြင်ဆင်သည်။ သို့ဖြစ်၍ သင်၏နှုတ်မှ စကားများ ထွက်လာသည့်အခါ၊ ယင်းတို့က သိပ်မစင်ကြယ်တော့သကဲ့သို့၊ စစ်မှန်မှု စိုးစဉ်းမျှ မရှိသည့်အပြင် သင်၏ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် စာတန်၏ အကြံအစည်များ ပါဝင်လေသည်။ ဤသည်မှာ ရိုးသားစစ်မှန်ခြင်းဟု ဆိုလိုသည့်အရာ မဟုတ်ပေ။ ဤသည်မှာ အဘယ်အရာနည်း။ ဤအရာကို မကောင်းသော ရည်ရွယ်ချက်များ၊ အန္တရာယ်ပေးတတ်သော ကြံရွယ်ချက်များ ရှိခြင်းဟု ခေါ်သည်။ ထို့အပြင် သင်စကားပြောသည့်အခါ၊ သင်သည် အခြားလူ၏ မျက်နှာအမူအရာများနှင့် ၎င်းတို့၏ မျက်လုံးအကြည့်များမှနေ၍ အစဉ် အရိပ်နိမိတ်ယူသည်။ ထိုလူ၏မျက်နှာ၌ အပြုသဘောဆောင်သည့် မျက်နှာအမူအရာ ရှိပါက၊ သင် စကားဆက်ပြောသည်။ မဟုတ်ပါက၊ မျိုသိပ်လိုက်ပြီး မည်သည့်အရာကိုမျှ သင်မပြောပေ။ အခြားလူ၏ မျက်လုံးအကြည့်က မကောင်းဘဲ၊ ထိုလူသည် သူကြားနေရသည့်အရာကို မနှစ်သက်သည့်ပုံပေါ်လျှင်၊ သင်သည် သေချာစဉ်းစားပြီး ‘ကောင်းပြီ၊ သင့်ကို စိတ်ပါဝင်စားစေသည့် အရာတစ်ခု၊ သင့်ကို ပျော်ရွှင်စေသသည့်၊ သင်နှစ်သက်မည့်၊ သင့်အား ကျွန်ုပ်ကို ထောက်ခံစေမည့်အရာတစ်စုံတစ်ခုကို ကျွန်ုပ်ပြောမည်’ ဟု မိမိကိုယ်ကိုယ် ပြောလေသည်။ ဤသည်မှာ ရိုးသားစစ်မှန်ခြင်း ဖြစ်သလော။ မဟုတ်ပေ။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို လူသိရှင်ကြား မထီမဲ့မြင်ပြုပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၂)”)ဘုရားသခင်က မျက်နှာလိုမျက်နှာရ လုပ်သူများ၊ သို့မဟုတ် ကပ်ဖားရပ်ဖားလုပ်သူများ၊ သို့မဟုတ် သူကြားလိုသည်ဟု မိမိတို့ထင်သည့်အရာကို ပြောသည့်သူများကို မနှစ်သက်ပေ။ ထို့ကြောင့် ဘုရားသခင်က အဘယ်လူစားမျိုးကို နှစ်သက်သနည်း။ ဘုရားသခင်သည် လူများအား သူနှင့် မည်သို့ ဆွေးနွေးပြောဆိုပြီး မိတ်သဟာယဖွဲ့စေလိုသနည်း။ ရိုးသားပြီး ပွင့်လင်းသည့်သူများကို ဘုရားသခင်က နှစ်သက်သည်။ သင်က သူ့ကို ကြိုးစားပြီး အဓိပ္ပာယ်ကောက်သည်ကို သူမလိုအပ်သကဲ့သို့ သူ့ကို အရိပ်နိမိတ်ဖတ်ပြီး လိုက်လုပ်သည်ကို သူမလိုအပ်ပေ။ သင် ပွင့်လင်းဖို့နှင့် ရိုးသားသော စိတ်နှလုံးတစ်ခုရှိဖို့ သူလိုအပ်သည်။ သူက သင့်အား မည်သည့်အရာတစ်ခုမျှ မကွယ်ဝှက်စေလိုပေ၊ သို့မဟုတ် ဟန်ပြလုပ်ဆောင်ခြင်း၊ သင့်စိတ်နှလုံးထဲတွင် ဟန်ဆောင်ခြင်းကို သူ အလိုမရှိပေ။ သူက အပြင်ပန်း၌ ရှိသည့်အရာကို သင်၏စိတ်နှလုံးအတွင်း၌ ရှိသောအရာနှင့် တူညီစေလိုသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို လူသိရှင်ကြား မထီမဲ့မြင်ပြုပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၂)”) ဘုရားနှုတ်ကပတ်တော်က လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို အရမ်းရှင်းလင်းအောင်လုပ်ပေးတယ်။ ဘုရားနဲ့လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ပွင့်လင်းရမယ်။ ရိုးသားရမယ်။ သမ္မာတရားကို ပြောဆိုနိုင်ရမယ်။ အာဏာနဲ့ အဆင့်အတန်းရဲ့ ချုပ်ချယ်တာကို မခံရဘူး။ တစ်ကိုယ်ရေရည်ရွယ်ချက်တွေ မရှိရဘူး။ ဘုရားသခင်ရဲ့ စိစစ်မှုကို လက်ခံပြီး ရိုးသားသူတစ်ယောက်ဖြစ်ရမယ်။ အဲဒီအချိန်မှာ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကိုဖတ်ပြီးတော့ သခင်ယေရှုက ပေတရုကိုမေးတာကို တွေးမိတယ်။ “ရှိမုန်ဗာယောန၊ သင်သည် ငါ့ကို ချစ်သလော။” ပေတရုက မှန်မှန်ကန်ကန် ဖြေတယ်။ “သခင် တစ်ခါက ကောင်းကင်ဘုံ၌ ရှိသော ခမည်းတော်ကို ကျွန်ုပ် ချစ်ခဲ့ပါ၏၊ သို့သော် ကိုယ်တော့်ကို တစ်ကြိမ်တစ်ခါမျှ မချစ်ဖူးသည်ကို ကျွန်ုပ် ဝန်ခံပါ၏။” ပေတရုက သန့်စင်ရိုးသားတယ်။ သခင်ယေရှုကို ဘယ်လိုကျေနပ်အောင်လုပ်ရမယ်ဆိုတာမစဉ်းစားဘူး။ သူထင်တဲ့အတိုင်းပဲ အတိအကျပြောတယ်။ ပေတရုရဲ့ စိတ်နှလုံးက သန့်စင်ပြီး ပွင့်လင်းမြင်သာတယ်။ ဒါကြောင့် သူက သခင်ယေရှုအပေါ် ရိုးသားနိုင်တယ်။ ပေတရု အသက်ရှင်နေထိုင်တဲ့အရာက ဘုရားကို ကျေနပ်စေပြီး ဘုရားရဲ့ လက်ခံမှုကို ရရှိစေတယ်။ ဒါတွေကိုညီမနားလည်သွားတာနဲ့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ပိုပြီး ရှင်းရှင်းလင်းလင်းမြင်သွားတယ်။ ညီမအသက်တာမှာ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ အသိရှိရှိနဲ့ စပြီး လက်တွေ့လုပ်ဆောင်တယ်။

တစ်နေ့မှာ အစည်းအဝေးတစ်ခုပြီးတဲ့နောက် ခေါင်းဆောင်က ညီမနဲ့ အဖွဲ့ခေါင်းဆောင်နှစ်ယောက်ကို အစ်မတစ်ယောက်ရဲ့ အကဲဖြတ်မှုအကြောင်းမေးတယ်။ ဒါကိုကြားတော့ ညီမနည်းနည်း စိတ်လှုပ်ရှားပြီး ထပ်ပြီး မှန်းဆလာမိတယ်။ “ငါ့ခေါင်းဆောင်က အကဲဖြတ်ပေးတာလိုချင်တယ်။ ဒီတော့ အဲဒီအစ်မမှာ ပြဿနာရှိတယ်လို့ သူက ထင်တာလား။ သူက ငါတို့ဆီလာမေးတယ်ဆိုတော့ ငါတို့ရဲ့ ပိုင်းခြားသိမြင်မှုကို စမ်းသပ်ချင်တာလား။ ဒီအဖွဲ့ခေါင်းဆောင်နှစ်ယောက်က အစွမ်းအစကောင်းရှိတယ်၊ သူတို့ကို ပျိုးထောင်ပေးချင်တယ်လို့ ခေါင်းဆောင်ကပြောတယ်။ ဒီတော့ ငါက အမှုကိစ္စတွေကို သူတို့လောက် ကောင်းကောင်းမမြင်ရင် တန်ဖိုးထားပြီး ပျိုးထောင်ပေးခံရဦးမှာလား” ပေါ့။ အဲဒီအချိန်မှာ ညီမက နောက်တစ်ခါ မှန်းဆပြီး လှည့်စားတော့မယ်ဆိုတာကို သဘောပေါက်လိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ညီမ တွေးမိတယ်။ “ဘုရားသခင်က မျက်နှာလိုမျက်နှာရ လုပ်သူများ၊ သို့မဟုတ် ကပ်ဖားရပ်ဖားလုပ်သူများ၊ သို့မဟုတ် သူကြားလိုသည်ဟု မိမိတို့ထင်သည့်အရာကို ပြောသည့်သူများကို မနှစ်သက်ပေ။ ထို့ကြောင့် ဘုရားသခင်က အဘယ်လူစားမျိုးကို နှစ်သက်သနည်း။ ဘုရားသခင်သည် လူများအား သူနှင့် မည်သို့ ဆွေးနွေးပြောဆိုပြီး မိတ်သဟာယဖွဲ့စေလိုသနည်း။ ရိုးသားပြီး ပွင့်လင်းသည့်သူများကို ဘုရားသခင်က နှစ်သက်သည်။ သင်က သူ့ကို ကြိုးစားပြီး အဓိပ္ပာယ်ကောက်သည်ကို သူမလိုအပ်သကဲ့သို့ သူ့ကို အရိပ်နိမိတ်ဖတ်ပြီး လိုက်လုပ်သည်ကို သူမလိုအပ်ပေ။ သင် ပွင့်လင်းဖို့နှင့် ရိုးသားသော စိတ်နှလုံးတစ်ခုရှိဖို့ သူလိုအပ်သည်။ သူက သင့်အား မည်သည့်အရာတစ်ခုမျှ မကွယ်ဝှက်စေလိုပေ၊ သို့မဟုတ် ဟန်ပြလုပ်ဆောင်ခြင်း၊ သင့်စိတ်နှလုံးထဲတွင် ဟန်ဆောင်ခြင်းကို သူ အလိုမရှိပေ။ သူက အပြင်ပန်း၌ ရှိသည့်အရာကို သင်၏စိတ်နှလုံးအတွင်း၌ ရှိသောအရာနှင့် တူညီစေလိုသည်။” ညီမစဉ်းစားတာ၊ လုပ်ဖို့စီစဉ်တာတွေကို ဘုရားသခင်က စောင့်ကြည့်တယ်။ ဘယ်ဟန်ဆောင်မှု၊ ဖုံးကွယ်မှုမှမပါဘဲ၊ စိတ်ထဲက အတွေးတွေနဲ့ မကိုက်တာတွေမပါဘဲနဲ့ ရိုးသားသူတစ်ယောက်ဖြစ်ပြီး ကိုယ်အမှန်တကယ်ထင်တာကိုပြောဖို့ ဘုရားသခင်က အလိုရှိပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ လက်တွေ့လုပ်ဆောင်ပြီး သူများတွေအပေါ် ရိုးသားရမယ်။ အဲဒါနဲ့ ညီမအမြင်တွေကို ခေါင်းဆောင်ကို တိုက်ရိုက်ပြောပြခဲ့တယ်။ ပြောပြီးသွားတော့ တော်တော် စိတ်သက်သာသွားတယ်။ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ လက်တွေ့လုပ်ဆောင်ခြင်းက ညီမကို စိတ်အေးစေတယ်၊ စိတ်တည်ငြိမ်ပြီး လုံခြုံစေတယ်လို့ ခံစားမိတယ်။ ဒါ ညီမ လုံးဝ မတွေ့ကြုံဖူးတဲ့အရာတစ်ခုပဲ။ အမှန်အတိုင်းပြောတဲ့ ချိုမြိန်မှုကိုလည်း ညီမ တွေ့ကြုံခဲ့ရတယ်။ ပြီးတော့ ဒါ လူတွေ ပြုမူဆောင်ရွက်သင့်တဲ့ ပုံစံပဲလို့လည်း ခံစားမိတယ်။ ကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နှုတ်ကပတ်တော်သည် မုသားအားလုံးကို အောင်နိုင်သည်

ယေ့ချိုး တရုတ်နိုင်ငံ အခုနှစ်၊ ဇွန်လမှာ ကျွန်မက ရေလောင်းသင်းထောက်အဖြစ် အရွေးခံရတယ်။ တစ်နေ့တော့ အစ်မချန်းလင်နဲ့ ကျွန်မတို့ လူသစ်တွေနဲ့...

သူငယ်ချင်းကောင်းဆိုရင် မမြင်ချင်ယောင်ဆောင်ပါ့မလား

သင်းလိ အမေရိကန်နိုင်ငံ အစ်မ ဘာဘရာနဲ့ ကျွန်မက သိတာ နှစ်နှစ်ရှိပြီ။ တော်တော်ကောင်းတဲ့ ခင်မင်နားလည်မှုကို တည်ဆောက်ခဲ့ကြတယ်။ ကျွန်မတို့...

နာမည်နှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းသည့် နေ့ရက်များ

ပြီးခဲ့တဲ့ ဇွန်လတုန်းက အသင်းတော် ရေလောင်းတဲ့အလုပ်ကို ကျွန်မ တာဝန်ယူခဲ့ပြီး၊ ရေလောင်းပေးတဲ့သူ မရှိလို့ ကျွန်မတို့ရဲ့ အလုပ် ထိခိုက်ခဲ့ရတယ်။...

မြေငလျင်လှုပ်ပြီးနောက်

ဂျိန်း ဖိလစ်ပိုင်နိုင်ငံ ၂၀၁၉ ဇူလိုင်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ နောက်ပိုင်းမှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။