ကျောင်းနှင့်တာဝန်ကြား ရွေးချယ်ခြင်း

29.04.2024

လုရန် တရုတ်နိုင်ငံ

ကျွန်မ မှတ်မိသလောက်တော့ ကျွန်မ မိဘတွေက တစ်ခါမှ မတည့်ကြဘူး။ ရန်ဖြစ်တာက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပဲ။ တစ်ခါတလေမှာ အဖေက အမေ့ကို ရိုက်တယ်။ အမေက ကျွန်မအစ်ကိုနဲ့ ကျွန်မကြောင့်မို့လို့ နှစ်ချီပြီး ဒီလို နေခဲ့ရတယ်။ သူ့ဘဝတစ်ဝက်က ကျွန်မတို့ကို ပျိုးထောင်ပေးရင်းနဲ့ ကုန်သွားတယ်။ ဒီတော့ ကျွန်မတို့အပေါ် သူ့ရဲ့အချစ်က တကယ်ကို ကြီးမားတယ်၊ ကျွန်မ အရွယ်ရောက်တဲ့အခါ သူ့ကို ရိုသေလေးစားရမယ်လို့ ခံစားမိတယ်။ နောက်ကျတော့ ကျွန်မအမေက ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံပြီး ကျွန်မအစ်ကိုနဲ့ ကျွန်မတို့နဲ့အတူတူ ဧဝံဂေလိ ဝေမျှတယ်။ ကျွန်မတို့က ဘုရားကို ချီးမွမ်းတဲ့အနေနဲ့ ကခုန်ပြီး ဓမ္မသီချင်းတွေဆိုဖို့ ခဏခဏ စုဝေးကြတယ်။ ကျွန်မ တော်တော်ပျော်ခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်မအမေက သမ္မာတရားကို သိပ်မလိုက်စားဘူး။ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်ဖတ်ဖို့ လာတာ နည်းနည်းလာတယ်။ နောက် သုံးလေးနှစ်မှာ အဖေက အမေနဲ့ ခဏခဏ စကားများပြီး ရိုက်နေတုန်းပဲ။ နောက်ဆုံးတော့ သူတို့ ကွာရှင်းသွားကြတယ်။ ကွာရှင်းပြီးတော့ ကျွန်မအမေက အိမ်ငှားခနဲ့ ကျွန်မကျောင်းစရိတ်နှစ်ခုလုံးအတွက် အလုပ်လုပ်ရတယ်။ အဲဒါနဲ့ ကျွန်မ စိတ်လေးရတာပေါ့။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကတိပေးတယ်။ စာကြိုးစားမယ်၊ ကောင်းတဲ့အလုပ်တစ်ခုရှာမယ်၊ ကျွန်မ အမေနေဖို့ နေရာတစ်ခုဝယ်မယ်၊ သူ့ရဲ့ ကျန်တဲ့ဘဝတစ်လျှောက်ကို ပိုပြီး ပျော်ပျော်ရွှင်ရွှင်နေခိုင်းမယ် ပေါ့။ ဒါက သမီးတစ်ယောက်အနေနဲ့ ကျွန်မရဲ့ တာဝန်လို့ ခံစားမိတယ်။ အဲဒီနောက်တော့ ကျွန်မ ကျောင်းစာတွေကို အာရုံစိုက်နိုင်အောင်စုဝေးတာ၊ ဘုရားနှုတ်ကပတ်တော်ဖတ်တာတွေ သိပ်မလုပ်တော့ဘူး။ ကျွန်မရဲ့ အချိန်နဲ့ အားအင်တွေအကုန်လုံးကို ကျောင်းစာမှာ နှစ်မြုပ်ထားလိုက်တယ်။

၂၀၁၉ခုနှစ်၊ စက်တင်ဘာလမှာ တခြားစီရင်စုတစ်ခုမှာရှိတဲ့ အသက်မွေးမှုကောလိပ်တစ်ခုမှာ ကျွန်မ တက်ရတယ်။ တက္ကသိုလ်နဲ့ ဘွဲ့လွန်သင်တန်း ဆက်တက်ဖို့ မျှော်လင့်ချက်နဲ့ နေ့တိုင်းစာကြိုးစားတယ်။ ကျွန်မအမေကို ပိုကောင်းတဲ့ဘဝကို ပေးနိုင်ဖို့ပေါ့။ ဒါပေမဲ့ တက္ကသိုလ်ဘဝကို ကျွန်မ တော်တော် စိတ်ပျက်သွားတယ်။ ဆရာတွေကို ဖားတတ်တဲ့သူတွေက ဆရာတွေ မျက်နှာသာပေးတာ ခံရတယ်။ ဒီတော့ သူတို့အမှတ်တွေက စာမေးပွဲတွေမှာ အမြဲတမ်း များနေတယ်။ ဒါပေမဲ့ တကယ်တော်တဲ့သူတွေကျတော့ ကပ်ဖားတဲ့သူတွေမဟုတ်ဘူးဆိုရင် အဆင့်က သိပ်မကောင်းဘူး။ တည့်နေကြတဲ့၊ အတူတူ စကားပြော၊ ရယ်မောပြီး ပြုံးရွှင်နေကြတဲ့ အတန်းဖော်တွေက နောက်ကွယ်မှာဆိုရင် အချင်းချင်း နောက်ကျောကို ဓားနဲ့ထိုးကြတယ်၊ မတူတဲ့လူတွေအဖြစ် ပြောင်းသွားကြတယ်။ တချို့ဆို လုံးဝ အရှက်မရှိဘဲ ပွင့်ပွင့်လင်းလင်း ဖောက်ပြန်ကြတယ်။ တက္ကသိုလ်ဘဝကြောင့် ကျွန်မ တော်တော်စိတ်ဓာတ်ကျပြီး နောက်တစ်ရက်တောင် ဆက်မနေနိုင်ဘူး။ ဒါပေမဲ့ ကျွန်မအမေကို ကျွန်မက စာကြိုးစားမယ်၊ ဒီကမ္ဘာမှာ အကျိုးရှိအောင်လုပ်ပြီး သူ့ကို စိတ်မပျက်စေရဘူးဆိုပြီး ကတိပေးခဲ့တာတွေကို တွေးမိတော့ ကျွန်မ ဆက်ပြီးသည်းခံဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။

နောက်တော့ ၂၀၂၀မှာ ဆောင်းရာသီ အားလပ်ရက်မှာ အိမ်ပြန်လာတော့ ကျွန်မ အဒေါ်က ဘုရားနှုတ်ကပတ်တော်ကို ကျွန်မနဲ့ မိတ်သဟာယဖွဲ့ပြီး “အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ” ဆိုတဲ့ ဗီဒီယိုကို ကျွန်မကို ပြတယ်။ ဗီဒီယိုက ကျွန်မ ရင်ကို တော်တော်ထိသွားတယ်။ ဘုရားသခင်ရဲ့ အနန္တတန်ခိုးရှိတဲ့ အချုပ်အခြာအာဏာကို ခံစားမိတယ်။ သူဟာ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာရဲ့ အရှင်သခင်ဖြစ်တယ်၊ လူသားမျိုးနွယ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို သူက အမြဲတမ်း လမ်းပြပေးခဲ့တယ်ဆိုတာ ခံစားမိတယ်။ ပိုဆိုးလာတဲ့ ကပ်ဘေးတွေ၊ ကပ်ရောဂါတွေနဲ့ ဘုရားအမှုတော်က ပြီးဆုံးတော့မယ်ဆိုတာတွေကို တွေးမိတယ်။ ဒါပေမဲ့ ကျွန်မက ကျောင်းတက်နေတော့ တာဝန်ကို မထမ်းဆောင်နေဘူး။ အသင်းတော်အသက်တာမှာတောင် မပါဝင်နိုင်ဘူး။ နောက်ဆုံးတော့ သမ္မာတရားမရလို့ အပြစ်ပေးခံရပြီး ကပ်ဘေးထဲမှာ ပျက်စီးရမှာပဲ။ ကျွန်မ အဒေါ်ရဲ့ ဘုရားနှုတ်ကပတ်တော်နဲ့ ပတ်သက်တဲ့ မိတ်သဟာက ကျွန်မကို ကူညီ၊ ပံ့ပိုးပေးခဲ့ပြီး ကျွန်မ စိတ်နှလုံးကို နွေးထွေးစေခဲ့တယ်။ ဘုရားက အမြဲတမ်း ကျွန်မနဲ့အတူရှိနေတယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ စုဝေးပွဲတွေပိုတက်ပြီး အသင်းတော်မှာ ကျွန်မတာဝန်ကို ထမ်းဆောင်ချင်လာတယ်။

တစ်နေ့မှာ ကျွန်မ ဘုရားဝတ်ပြုနေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ကြိုတင်ပြဋ္ဌာန်းမှုအတွက် သင်၏ကဏ္ဍကို သင်ဆောင်ရွက်ပြီး သင့်ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။ လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှု စည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသော အရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်၊ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်)ဘုရားသခင်က နေ့ရောညပါ စောင့်ရှောက်သည့် ဤလူသားတို့အထဲမှ တစ်ဦးတစ်ယောက်မျှပင် မိမိအသိနှင့်မိမိ ဘုရားသခင်ကို မဝတ်ပြုမကိုးကွယ်ကြပေ။ ဘုရားသခင်သည် သူမျှော်လင့်ချက်မထားထားသော လူသားအပေါ် သူစီစဉ်ထား သည့်အတိုင်း ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ သူထိုသို့ ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် သူ၏အိပ်မက်မှ နိုးထကာ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပာယ်၊ ဘုရားသခင်က သူ့ကိုပေးထားသည့် အရာအားလုံးအတွက် ပေးဆပ်ခဲ့ရသည့် အဖိုးအခနှင့် လူသားအနေဖြင့် သူ့ထံပြန်လှည့်လာစေရန် ဘုရားသခင်သည် စိတ်ထက်သန်သော ဂရုစိုက်မှုဖြင့် စောင့်ဆိုင်းနေသည်ကို ရုတ်တရက် နားလည်စေရန် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကို တွေးကြည့်ပြီး ကျွန်မ တော်တော် တို့ထိခြင်းခံရတယ်။ ကျွန်မ ကလေးတုန်းက ကျွန်မအမေနဲ့အတူ ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံခဲ့ပေမဲ့ ကျွန်မ ကျောင်းစာတွေကြောင့် စုဝေးပွဲတွေသွားတာ၊ ဘုရားနှုတ်ကပတ်တော်ဖတ်တာတွေကို မလုပ်တော့ဘဲ ဘုရားသခင်ဆီကနေ လုံးဝ အဝေးကို လွင့်မျောသွားတာကို တွေးမိတယ်။ ကျွန်မဘဝက ဒီလိုဆက်သွားနေမှာပဲလို့ ထင်နေတဲ့အချိန်မှာပဲ အဒေါ်က ကျွန်မဆီ ဗြုန်းစားကြီးရောက်လာပြီး ကျွန်မကို ဘုရားနှုတ်ကပတ်တော်ဖတ်ပြပြီး ဧဝံဂေလိဗီဒီယိုတစ်ခုပြတယ်။ ဒါ ဘုရားသခင်က စီစဉ်တာပဲဆိုတာ ကျွန်မအတွက် ရှင်းနေတယ်။ ကျွန်မ ကံကြမ္မာက အမြဲတမ်း ဘုရားလက်ထဲမှာ ရှိနေခဲ့တာပါ။ မွေးကတည်းက ဘုရားရဲ့ အုပ်စိုးမှုနဲ့ ကြိုတင်စီမံမှုအောက်မှာ ကျွန်မ အသက်ရှင်ခဲ့တယ်။ ဒီလမ်းတစ်လျှောက်မှာ ဘုရားဆီကနေ ကျွန်မ သွေဖည်သွားပေမဲ့ ကျွန်မရဲ့ ဝိညာဉ်ကို နိုးထစေပြီး သူ့ရဲ့ အိမ်တော်ဆီကို ပြန်ခေါ်ဆောင်ဖို့အတွက် လူတွေ၊ အခြေအနေတွေကို စီစဉ်ခဲ့တယ်။ ဘုရားရဲ့ ချစ်ခြင်းနဲ့ ကွယ်ကာခြင်းကို မြင်တွေ့ခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ နောက်တစ်ခါ ထပ်ကြားခဲ့ရတယ်။ သူ့ကို ထပ်ပြီး ပုန်ကန်လို့၊ ဒဏ်ရာရစေလို့ မဖြစ်တော့ဘူး။ ဘုရားကို တကယ်ယုံကြည်ပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ချင်လာတယ်။

ဘဝရဲ့ တကယ့်တန်ဖိုးနဲ့ အဓိပ္ပာယ်က ဘာလဲ၊ အဲဒါဟာ တကယ်ပဲ ဘွဲ့တွေ ဒီပလိုမာတွေနောက်လိုက်တာများလားလို့ မတွေးဘဲ မနေနိုင်ဘူး။ ဒီမေးခွန်းကို သေချာစဉ်းစားရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ အမှတ်ရတယ်။ “လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းတွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ ဖြောင့်မတ်သောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အပေါ်တွင် ရှိသော ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့၏ ဆွဲဆောင်မှု အင်အားသည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အတွက် ဘဝတစ်လျှောက်လုံး လိုက်စားသည့် အရာများ၊ အဆုံးမရှိ ထာဝရလိုက်စားသည့် အရာများပင် ဖြစ်သွားကြ၏။ ဤသည်မှာ အမှန် မဟုတ်သလော။ လူအချို့က အသိပညာ သင်ယူခြင်း ဟူသည်မှာ ခေတ်နောက်ကျမကျန်ခဲ့စေရန် သို့မဟုတ် ကမ္ဘာကြီးတွင် နောက်ကျမကျန်စေရန်အတွက်၊ စာအုပ်များ ဖတ်ခြင်း သို့မဟုတ် ၎င်းတို့ မသိသေးသောအရာအချို့ကို လေ့လာသင်ယူခြင်းထက် မပိုဟု ဆိုကြသည်။ ၎င်းတို့ကိုယ်တိုင်၏ အနာဂတ်အတွက် သို့မဟုတ် အခြေခံ လိုအပ်မှုများကို ထောက်ပံ့ရန် ၎င်းတို့ ထမင်းစားပွဲတွင် စားစရာရှိနေရန်အတွက်သာ အသိပညာကို သင်ယူခြင်း ဖြစ်သည်ဟု ပြောကြလိမ့်မည်။ အခြေခံ လိုအပ်ချက်များ သက်သက်အတွက်၊ အစားအစာကိစ္စကို ဖြေရှင်းရန် သက်သက်အတွက်ဖြင့် ဆယ်စုနှစ်တစ်ခုစာ ပင်ပင်ပန်းပန်း လေ့လာ သင်ယူသည့် လူတစ်ဦးတလေ ရှိပါသလော။ ဤကဲ့သို့သောလူမျိုး တစ်ဦးမျှမရှိပေ။ သို့ဆိုလျှင် လူတစ်ဦးသည် ဤနှစ်များအားလုံးအတွက် အဘယ်ကြောင့် ဤဆင်းရဲဒုက္ခခံပါသနည်း။ ဤသည်မှာ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက်ဖြစ်သည်။ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့သည် သူ့ကို လက်ယပ်ခေါ်လျက်၊ အဝေးတွင် စောင့်ကြို နေကြ၏။ ၎င်းတို့အနေဖြင့် မိမိတို့၏ကိုယ်ပိုင် လုံ့လဝီရိယ၊ အခက်အခဲများနှင့် ရုန်းကန်မှုများအားဖြင့်သာ ၎င်းတို့ကို ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့ကို ရရှိဖို့ ဦးဆောင်မည့် လမ်းကို လိုက်နိုင်သည်ဟု ယုံကြည်ကြလေသည်။ ထိုသို့သော လူသည် သူကိုယ်တိုင်၏ အနာဂတ် လမ်းကြောင်းအတွက်၊ အနာဂတ် ပျော်ရွှင်မှုအတွက်နှင့် ပို၍ကောင်းမွန်သော ဘဝတစ်ခုကို ရရှိဖို့ ဤသို့သော အခက်အခဲများကို ဒုက္ခခံရပေမည်။ ဤသည်မှာ မည်သို့သော အသိပညာနည်း၊ သင်တို့ ငါ့အား ပြောပြနိုင်သလော။ ထိုအရာသည် လူ့အထဲသို့ စာတန်သွတ်သွင်းထားသည့် ‘ပါတီကို ချစ်ပါ၊ နိုင်ငံကို ချစ်ပါ၊ မိမိဘာသာတရားကို ချစ်ပါ’ နှင့် ‘ဉာဏ်အမြော်အမြင်ရှိသူတစ်ဦးသည် အခြေအနေကို နာခံ၏’ ကဲ့သို့သော ရှင်သန်နေထိုင်ရန်အတွက် စည်းမျဉ်းများနှင့် အတွေးအမြင်များဖြစ်သည် မဟုတ်လော။ ၎င်းအရာသည် စာတန်က လူ့အထဲတွင် သွတ်သွင်းပေးလိုက်သည့် ဘဝ၏ ‘မြင့်မားသော စံများ’ ဖြစ်သည်မဟုတ်လော။ ဥပမာဆိုရသော် ကြီးမြတ်သော လူတို့၏စိတ်ကူးများ၊ နာမည်ကျော်ကြားသူတို့၏ တည်ကြည်မှု သို့မဟုတ် လူစွမ်းကောင်းတို့၏ ရဲရင့်သောစိတ်ဓာတ်တို့ကို ကြည့်လော့။ သို့တည်းမဟုတ် သိုင်းဝတ္ထုများထဲမှ ဇာတ်လိုက်များ၊ ဓါးသမားများ၏ သူရဲကောင်းစိတ်ဓာတ်နှင့် ကြင်နာတတ်မှုတို့ကို ကြည့်လော့- ဤအရာများ အားလုံးသည် စာတန်က ဤစံများကို သွတ်သွင်းသည့် နည်းလမ်းများ ဖြစ်သည် မဟုတ်လော။ ဤအယူအဆတို့သည် မျိုးဆက်များ တစ်ခုပြီးတစ်ခုအပေါ် လွှမ်းမိုးလျက်ရှိနေသကဲ့သို့၊ မျိုးဆက်တစ်ခုစီ၏ လူတို့သည် ဤအယူအဆတို့ကို လက်ခံလာကြရ၏။ ၎င်းတို့သည် ၎င်းတို့၏ ဘဝများကိုပင် စွန့်လွှတ်အနစ်နာခံမည်ဖြစ်သော ‘မြင့်မားသော စံများ’ နောက်သို့ လိုက်ရာတွင် အစဉ်သဖြင့် ရုန်းကန်ကြိုးစားကြသည်။ ဤသည်မှာ လူတို့ကို ဖောက်ပြန်ပျက်စီးစေရန်အတွက် အသိပညာကို စာတန်အသုံးပြုသော နည်းလမ်းနှင့် ချဉ်းကပ်မှုများဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်သည် လူတို့ကို ဤလမ်းကြောင်းသို့ ဦးဆောင်ခေါ်ယူပြီးသည့်နောက်တွင် ၎င်းတို့သည် ဘုရားသခင်ကို နာခံကိုးကွယ်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး သမ္မာတရားကို လိုက်စားနိုင်ကြသလော။ လုံးဝ မလုပ်ဆောင်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်၏ လမ်းလွဲစေခြင်းကို ခံရပြီးဖြစ်သောကြောင့်ဖြစ်သည်။ စာတန်က လူတို့ထဲတွင် သွတ်သွင်းထားသော အသိပညာ၊ အတွေးများနှင့် ထင်မြင်ချက်များကို နောက်တစ်ဖန် ကြည့်ကြစို့။ ဤအရာတို့တွင် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းဆိုင်ရာ သမ္မာတရားများ ပါဝင်သလော။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းဆိုင်ရာ သမ္မာတရားများ ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ခုတလေ ရှိသလော။ ယင်းတို့အထဲတွင် သမ္မာတရားနှင့် သက်ဆိုင်သည့်အရာ တစ်ခုခုရှိသလော။ လုံးဝ မရှိပေ။ ဤအရာများ လုံးဝကင်းမဲ့နေ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်။ စာတန်က လူတွေကို အသိပညာကို အဆက်မပြတ် သင်ယူစေပြီး သူ့ရဲ့ အယူအဆတွေကို လူတွေထဲမှာ သွတ်သွင်းတယ်။ ပြီးတော့ လူတွေကို ထင်ပေါ်ပြီး သူတို့မိသားစုနာမည်ကို ဂုဏ်ရှိစေချင်အောင် လုပ်တယ်။ သူတို့ကံကြမ္မာက သူတို့လက်ထဲမှာရှိတယ်၊ အသိပညာက သူတို့ကို ပြောင်းလဲစေနိုင်တယ်လို့ လူတွေ လက်ခံယုံကြည်အောင် လုပ်တယ်။ ဒီအယူအဆတွေကို အခြေခံပြီး သူတို့ဘဝတွေကို အသက်ရှင်တော့ လူတွေက ဘုရားကို အာခံကြတယ်။ ဘုရားဆီကနေ ပိုပိုပြီး ဝေးကွာလာကြတယ်။ ကျွန်မတို့ စာသင်နေတုန်းမှာ ဆရာတွေက ကျွန်မတို့ကို ခဏခဏ ပြောတယ်။ “မင်းတို့ ကောင်းကောင်းနေချင်ရင် ဘွဲ့တစ်ခုနဲ့ ဘွဲ့လွန်ပညာသင်ဖို့တွေ လိုအပ်တယ်။ ဒါတွေကပဲ မင်းတို့ စွမ်းရှည်ရှိတယ်ဆိုတာကို သက်သေပြမယ်” ပေါ့။ ဒီအယူအဆတွေကို ကျွန်မ လက်ခံပြီးတဲ့နောက်မှာ ကျွန်မရဲ့ ကျွမ်းကျင်မှုတွေကို တိုးတက်ဖို့ နည်းလမ်းတွေကို စစဉ်းစားပြီး ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ပြီး အတတ်ပညာပိုင်း အသိအမှတ်ပြု စာမေးပွဲတွေအတွက် ပြင်ဆင်တယ်။ ကျွန်မ ကံကြမ္မာကို ဒီလိုပုံစံနဲ့ ပြောင်းလဲနိုင်တယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ပညာရေးနောက် မစဉ်းမစားလိုက်ရင်း ထင်ပေါ်ဖို့အတွက် ကျွန်မရဲ့ ပညာရေးနဲ့ အသိပညာကို အသုံးပြုဖို့ ဒီတစ်ခုတည်းကိုပဲ အာရုံစိုက် ကြိုးစားရင်းနဲ့ ကျွန်မ စိတ်နှလုံးက ဘုရားဆီကနေ တဖြည်းဖြည်း ဝေးကွာလာတယ်။ ဘုရားနှုတ်ကပတ်တော်ကို မဖတ်တော့ဘူး။ သိပ်ပြီး ဆုမတောင်းတော့ဘူး။ ကျွန်မက မယုံကြည်သူတစ်ယောက်နဲ့ ဘာမှ မကွာတော့ဘူး။ ကျွန်မက သမ္မာတရားကို နားမလည်ဘူး၊ စာသင်ပြီး၊ အသိပညာတွေကို ရပြီးတော့ ထင်ပေါ်ဖို့အတွက် အမြဲတမ်းတောင့်တနေခဲ့တယ်ဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ အသိပညာနောက်ကိုလိုက်တာက ကျွန်မတို့ကို ဖျက်ဆီးပြီး လှည့်စားတဲ့ စာတန်ရဲ့ နည်းလမ်းပဲ အသိပညာနောက်လိုက်လေလေ၊ ဘုရားဆီကနေ ဝေးကွာပြီး ဘုရားကို အာခံလေလေပဲဆိုတာ အဲဒီအခါကျမှ ကျွန်မ မြင်သွားတယ်။ ဒီအကျိုးဆက်ကို စဉ်းစားမိပြီး ကျွန်မ ရွေးချယ်ခဲ့တဲ့ လမ်းကို ပြန်ပြီး အကဲဖြတ်ကြည့်တယ်။

တစ်နေ့ကျတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများနှင့် မထိုက်တန်ဟု ခံစားရလိမ့်မည် ဖြစ်ပြီး၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ မထိုက်တန်ဟု ခံစားရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ပြင်းထန်တဲ့ တာဝန်သိစိတ်တွေ ဖြစ်လာတယ်။ လူကို ဘုရားက ဖန်ဆင်းခဲ့တယ်။ ဘုရားကို ယုံကြည်တာ၊ ကိုးကွယ်တာ၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တာက မှန်ကန်ပြီး လုပ်ဖို့ သဘာဝကျတဲ့အရာပဲ။ ဒါတွေက ဂုဏ်ယူဖွယ်ကိစ္စတွေလည်း ဖြစ်တယ်။ ဘုရားအလိုတော်က ကျွန်မတို့ကို သူ့ရဲ့ ဧဝံဂေလိ ဖြန့်ဝေဖို့၊ သူ့ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့အတွက် လူတွေကို သူ့ရှေ့ကို ပိုပြီးခေါ်ဆောင်ဖို့ပဲ။ ကျွန်မက ဘုရားအမှုတော်ကို အရင်ဆုံးရရှိတာက ကံကောင်းတာပဲ။ ဒီတော့ ဘုရားအလိုတော်ကို အလေးထားပြီး ဒီတာဝန်ကို ယူသင့်တယ်လို့ ကျွန်မ တွေးမိတယ်။ တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်တာက တကယ်ကို ပုန်ကန်တာဖြစ်ပြီး ဒီကမ္ဘာမှာ ရှင်သန်ဖို့ မထိုက်တန်ဘူး။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တာကသာ လူသားလို့ ခေါ်နိုင်တယ်။ အဲဒီအချိန်လောက်မှာ “လူငယ်များ လိုက်စားရမည့်အရာ” လို့ခေါ်တဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ ကြားရတယ်။ အဲဒီထဲမှာ ဒီလိုပြောထားတဲ့ စာသားတွေ ပါတယ်။ “လူငယ်တို့သည် အကြောင်းကိစ္စများတွင် ထိုးထွင်းသိမြင်မှုကို ကျင့်သုံးရန်နှင့် တရားမျှတမှုနှင့် သမ္မာတရားကို ရှာဖွေရန် သန္နိဋ္ဌာန်မရှိဘဲ မဖြစ်သင့်ပေ။ သင်တို့သည် လှပ၍ ကောင်းမွန်သော အရာအားလုံးကို လိုက်စားသင့်ပြီး၊ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားကို ရရှိသင့်ပေသည်။ သင်တို့ အသက်တာအပေါ် သင်တို့ တာဝန်ယူသင့်ပြီး၊ ယင်းကို ပေါ့ပေါ့တန်တန် မမှတ်ယူရ။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုပေးတယ်။ လူတစ်ယောက်အနေနဲ့ သမ္မာတရားကို ကျွန်မ လိုက်စားသင့်တယ်။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝကို အသက်ရှင်သင့်တယ်။ ကျွန်မဘဝအတွက် တာဝန်ယူသင့်တယ်။ ကျွန်မ ဆက်ပြီးကျောင်းမတက်ချင်တော့ဘူး။ အသင်းတော်မှာ ကျွန်မတာဝန်ကို ထမ်းဆောင်ချင်လာတယ်။

နောက်ပိုင်းမှာ ကျွန်မ ခံစားရတာကို အမေကို ပြောပြလိုက်တယ်။ တော်တော်စိတ်တိုသွားတာ။ သူက ပြောတယ်။ “နင့်အနာဂတ်ပိုကောင်းအောင်ဆိုပြီး နင့်ပညာရေးတစ်လျှောက်လုံး ငါ အများကြီးအကုန်ခံခဲ့တယ်၊ ဒါမှ နင် ဘွဲ့ရပြီး အလုပ်ကောင်းကောင်းရတော့ ငါ့အတွက် ဂုဏ်တက်မှာပေါ့။ နင် ဘာပြောပြော၊ ကျောင်းထွက်ခွင့်မပေးဘူး။ နင့်အတွက် အကောင်းဆုံးကိုပဲ ငါ စဉ်းစားပေးနေတာ” တဲ့။ ကျွန်မအမေက ဒီလိုပြောတာကို ကြားရတော့ ကျွန်မ တော်တော်စိတ်တိုသွားတယ်။ သူဒီလို တုံ့ပြန်မယ်လို့ မျှော်လင့်မထားဘူး။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်မ စဉ်းစားရကျပ်နေပြီး သူ ကျွန်မကို ပေးခဲ့တာတွေအားလုံးကို မေ့ပစ်လိုက်လို့ မရဘူး။ ကျွန်မက တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ရင် ကျွန်မကို သူ စိတ်ပျက်ပြီး စိတ်ဓာတ်ကျမှာပဲ။ ဒါပေမဲ့ ကျွန်မက ကျောင်းမှာနေပြီး ကျွန်မရဲ့ ယုံကြည်မှုနဲ့ တာဝန်ကို လက်လွတ်လိုက်ရင် ကျွန်မ အပြစ်ရှိသလို ခံစားရမှာပဲ။ ဒီလိုလဲ ကျွန်မ အသက်မရှင်ချင်ဘူး။ တွန့်ဆုတ်နေပေမဲ့ ကျွန်မက ကျောင်းထွက်ဖို့ပဲ မရမက ပြောခဲ့တယ်။ ကျွန်မက ဆုံးဖြတ်ပြီးနေပြီဆိုတာကို သူက မြင်ပြီး ကျောင်းထွက်ဖို့ လုပ်စရာရှိတာတွေလုပ်ဖို့အတွက် လိုက်ခဲ့ဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ ကျောင်းမှာ ကျွန်မရဲ့ ကြီးကြပ်ရေးမှူးက ပြောတယ်။ “ကျေးဇူးပြုပြီး သေချာစဉ်းစားပါ။ တစ်နှစ်နေရင် မင်း ဘွဲ့ရမယ်။ မင်းဘွဲ့ရပြီးတာနဲ့ ကြိုက်တာလုပ်လို့ရတယ်။ ဘွဲ့မရဘဲနဲ့ အလုပ်ရဖို့ တော်တော်ခက်တယ်ဆိုတာ မင်း သိဖို့လိုတယ်” တဲ့။ ကျွန်မက စိတ်မပြောင်းတာကို မြင်တော့ ကျွန်မအမေက ရိုးရိုးသားသားနဲ့ ပြောတယ်။ “ကျောင်းဆက်တက်ပါလား။ ငါက နင့်အတွက် အရမ်းမျှော်လင့်ထားတာ။ ပိုက်ဆံအတွက် စိတ်ပူစရာမလိုဘူး။ နင့်ပညာရေးအတွက် ငါ အမြဲတမ်း ထောက်ပံ့ပေးမှာ။ နင့်အဖေနဲ့ငါက ကွာရှင်းသွားပြီဆိုတော့ ငါ့မှာ နင်ပဲရှိတော့တယ်။ နင်က ငါ့ရဲ့ တစ်ခုတည်းသောမျှော်လင့်ချက်ပဲ” တဲ့။ ကျွန်မအမေက ဒီလိုပြောရင်းနဲ့ ငိုတယ်။ ကျွန်အမေက အခုလို စိတ်သောကရောက်ပြီး ငိုတာကို မြင်ရတော့ ကျွန်မ တော်တော်ထိသွားတယ်။ ကျွန်မ တွေးကြည့်တယ်။ “ငါက ဘွဲ့ရဖို့ တစ်နှစ်ပဲလိုတော့တာ။ ငါ ဘွဲ့ရတဲ့အထိ ပြီးအောင်ပဲ လုပ်သင့်သလား။ ငါ ဘွဲ့ရပြီးမှ တာဝန်ကို စထမ်းဆောင်ရင် ငါ့အမေက ကန့်ကွက်မှာမဟုတ်ဘူး” ပေါ့။ အဲဒါနဲ့ ကျွန်မက အလျှော့ပေးပြီး ကျောင်းမှာ နေဖို့ ရွေးလိုက်တယ်။ ဒါပေမဲ့ ကျွန်မ ကျောင်းတက်နေရင်းနဲ့ တာဝန်မထမ်းဆောင်နိုင်တော့ တော်တော် အပြစ်ရှိသလို ခံစားရတယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင်၊ သမီး အရမ်း အားနည်းပါတယ်။ ရှေ့မှာရှိတဲ့လမ်းကို ဘယ်လိုလျှောက်ရမယ်ဆိုတာ မသိပါဘူး။ လမ်းပြတော်မူပါ” ဆိုပြီးတော့။

တစ်နေ့ကျတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “တရုတ်ရိုးရာယဉ်ကျေးမှု၏ သတ်မှတ်ချက်ကြောင့် တရုတ်လူမျိုးများက မိမိ၏မိဘများအပေါ်တွင် သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းရမည်၊ သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းခြင်း မရှိသူမည်သူမဆိုသည် သားသမီးဝတ် မကျေပွန်သောကလေးဖြစ်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် ကလေးဘဝကတည်းက ဤအယူအဆများဖြင့် သွတ်သွင်းခြင်းခံခဲ့ရသည်။ အိမ်ထောင်စုတိုင်းနီးပါးတွင် သွန်သင်ပေးကြပြီး ကျောင်းတိုင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၌ပါ သွန်သင်ပေးကြ၏။ လူတစ်ယောက်၏ ခေါင်းထဲတွင် ဤသို့သောအရာများ ပြည့်နေသောအခါ သူသည် ‘သားသမီးဝတ်က ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်။ ငါက မလိုက်နာဘူးဆိုရင် လူကောင်းဖြစ်မှာမဟုတ်ဘူး။ သားသမီးဝတ် မကျေပွန်တဲ့ကလေးဖြစ်ပြီး လူ့အဖွဲ့အစည်းက အပြစ်တင်တာကို ခံရမှာပဲ။ ငါက အသိတရားမရှိတဲ့သူဖြစ်မှာပဲ’ ဟု ထင်မြင်သည်။ ဤအမြင်မှာ မှန်ကန်သလော။ လူတို့သည် ဘုရားသခင်က ဖော်ပြသော သမ္မာတရားအားလုံးကို မြင်ကြပြီးဖြစ်သည်။ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်ဟု ဘုရားသခင်က တောင်းဆိုခဲ့သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများက နားလည်ရမည်ဖြစ်သော သမ္မာတရားများထဲမှ တစ်ခုဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် အချို့သော စည်းမျဉ်းများကိုသာ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားသခင်က တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူတို့ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးသောသူ၊ ဘုရားသခင်ကို ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို စက်ဆုပ်ရွံရှာသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်လျှင်၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် မှန်ကန်သော လမ်းဖြစ်ကြောင်း၊ ကယ်တင်ခြင်းကို ရရှိစေနိုင်ကြောင်းကို ကောင်းစွာသိသည့်တိုင် လက်ခံရန် မလိုလားဆဲဖြစ်လျှင် ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်သောသူ၊ သမ္မာတရားကို မုန်းတီးသောသူများဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ၎င်းတို့သည် ဘုရားသခင်ကို အာခံသော၊ ဘုရားသခင်ကို မုန်းတီးသောသူများဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဘုရားသခင်သည် ၎င်းတို့ကို အလိုအလျောက် စက်ဆုပ်ရွံရှာပြီး အထင်မြင်သေးသည်။ ဤသို့သောမိဘများကို သင်စက်ဆုပ်ရွံရှာနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်နိုင်ခြေရှိသည်၊ ပုတ်ခတ်ဝေဖန်နိုင်ဖွယ်ရှိသည်။ ဤအခြေအနေတွင် ၎င်းတို့သည် အသေအချာပင် မကောင်းဆိုးဝါးများနှင့် စာတန်များဖြစ်သည်။ သင်သည်လည်း ၎င်းတို့ကို စက်ဆုပ်ပြီး ကျိန်ဆဲနိုင်သလော။ ဤအရာအားလုံးက သဘာဝကျသော မေးခွန်းများဖြစ်သည်။ သင်၏ မိဘများက သင့်အား ဘုရားသခင်ကို ယုံကြည်ခြင်းအား တားဆီးလျှင် ၎င်းတို့ကို သင် မည်သို့ ဆက်ဆံသင့်သနည်း။ ဘုရားသခင်က တောင်းဆိုခဲ့သည့်အတိုင်း ဘုရားသခင်ချစ်သောအရာကို ချစ်သင့်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းသင့်သည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက ပြောခဲ့သည်။ ‘မည်သူက ငါ၏ အမေဖြစ်သနည်း။ မည်သူက ငါ၏ ညီအစ်ကိုများဖြစ်သနည်း’ ‘ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ ခမည်းတော်၏ အလိုတော်ကို ဆောင်သောသူမည်သူမဆိုသည် ငါ၏ ညီအစ်ကိုမောင်နှမနှင့် မိခင်ဖြစ်သည်’ ဟူ၍ဖြစ်သည်။ ဤစကားများသည် ကျေးဇူးတော်ခေတ်တွင် တည်ရှိနှင့်ပြီးဖြစ်သည်။ ယခုအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ရှင်းလင်းလေသည်။ ‘ဘုရားသခင် ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့’ ဤစကားများသည် လိုရင်းကို ထိရောက်သည်။ သို့တိုင်အောင် လူတို့သည် ဤစကားများ၏ အဓိပ္ပာယ်အစစ်အမှန်ကို မကြာခဏဆိုသလို အသိအမှတ် ပြုနိုင်ခြင်း မရှိကြပေ။ လူပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်သူတစ်ဦး ဖြစ်ကာ ဘုရားသခင်၏ကျိန်ဆဲခြင်း ခံရသော်လည်း ၎င်းတို့သည် သင်၏မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်ပြီး သင်သိသမျှ အတော်အတန် မကောင်းမှုပြုသူတစ်ဦး မဟုတ်ဘဲ သင့်ကို ကောင်းမွန်စွာ ဆက်ဆံပါက ထိုလူကို သင် မမုန်းနိုင်သည်ကို တွေ့ရလိမ့်မည်၊ ၎င်းတို့နှင့် ရင်းနှီးသည့် ဆက်သွယ်မှုပင် ရှိနိုင်သည်၊ သင်တို့၏ ဆက်ဆံရေး မပြောင်းလဲပေ။ ထိုသို့သော လူတို့ကို ဘုရားသခင် မုန်းသည်ကို ကြားရခြင်းက သင့်ကို သောကရောက်စေပြီး ဘုရားသခင်ဘက်တွင် သင် မရပ်တည်နိုင်သကဲ့သို့ ၎င်းတို့ကို ရက်စက်စွာ မငြင်းပယ်နိုင်ပေ။ သင်သည် စိတ်ခံစားချက်များဖြင့် အမြဲ ချည်နှောင်ခံရပြီး ၎င်းတို့ကို လက်မလွှတ်နိုင်ပေ။ ဤအရာ၏ အကြောင်းအရင်းမှာ အဘယ်နည်း။ ဤအရာဖြစ်ရခြင်းမှာ သင်သည် စိတ်ခံစားချက်ကို တန်ဖိုးထားလွန်းပြီး ယင်းက သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ ဟန့်တားထားသောကြောင့် ဖြစ်သည်။ ထိုလူသည် သင့်အပေါ် ကောင်းသောကြောင့် သင်သည် ၎င်းတို့ကို မမုန်းနိုင်ပေ။ ၎င်းတို့က သင့်အား နာကျင်စေသည့်အခါမှသာလျှင် ၎င်းတို့ကို သင်မုန်းတီးနိုင်သည်။ ထိုအမုန်းတရားသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီမည်လော။ ၎င်းတို့သည် မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်သောကြောင့်၊ ၎င်းတို့ကို သင်မုန်းလျှင်၊ သင်သည် သားသမီးဝတ်မကျေပွန်သောသူ၊ အသိတရား မရှိသလို လူပင် မဟုတ်သူအဖြစ် လူ့အဖွဲ့အစည်း၏ အထင်အမြင်သေးခြင်းကို ခံရပြီး လူများ၏ ခံယူချက်အားဖြင့် ပုတ်ခတ်ဝေဖန်ခြင်းတို့ကို ခံရမည်ဟု တွေးလျက် သင်သည် အစဉ်အလာအယူအဆများဖြင့်လည်း ထိန်းချုပ်ခံရသည်။ သင်သည် ဘုရားသဘောသဘာဝ၏ ပြစ်တင်ရှုတ်ချခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ခံစားရမည်ဟု တွေးထင်သည်။ သင်သည် ၎င်းတို့ကို မုန်းလိုလျှင်ပင် သင်၏အသိစိတ်က သင့်ကို အခွင့်ပေးမည် မဟုတ်ပေ။ သင်၏ အသိစိတ်သည် ဤနည်းလမ်းဖြင့် အဘယ်ကြောင့် လုပ်ဆောင်သနည်း။ ယင်းမှာ သင့်အနေဖြင့် ငယ်စဉ်ကတည်းက သင်၏ မိသားစုက သင့်အားပေးခဲ့ပြီးဖြစ်သည့်၊ သင်၏ မိဘများက သင့်အား သွန်သင်သည့်အရာနှင့် လူမှုထုံးတမ်းဓလေ့က သင့်ထဲသို့ ထည့်သွင်းပေးလိုက်သည့်အရာတို့အားဖြင့် သင့်ကို ပေးခဲ့ပြီးဖြစ်သည့် တွေးခေါ်နည်းတစ်ခု ဖြစ်သည်။ သားသမီးဝတ်ကို ကောင်းကင်မှ စီမံသတ်မှတ်ပေးပြီး မြေကြီးမှ အသိအမှတ်ပြုပေးကြောင်း၊ ယင်းက သင်၏ ဘိုးဘေးများထံမှ အမွေရပြီးဖြစ်သည့် အရာတစ်ခုဖြစ်ပြီး အစဉ် ကောင်းမြတ်သော အရာတစ်ခုဖြစ်ကြောင်း သင့်ကို တလွဲ ယုံကြည်စေလျက် သင်၏စိတ်နှလုံးထဲတွင် ထိုအရာက အလွန် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ သင်သည် ယင်းကို ဦးစွာ သင်ယူခဲ့ပြီး ယင်းက သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်အောင်၊ ဘုရားသခင် ချစ်သည့်အရာကို မချစ်နိုင်အောင်၊ ဘုရားသခင် မုန်းသည့်အရာကို မမုန်းနိုင်အောင်ဖြစ်သွားစေလျက် သင်၏ ယုံကြည်ခြင်းနှင့် သမ္မာတရားကို လက်ခံခြင်းတို့၌ ကြီးမားသော ခလုတ်တံသင်းနှင့် အနှောင့်အယှက်တို့ကို ဖန်တီးရင်း ကြီးစိုးမြဲ ကြီးစိုးနေသည်။...လူသည် သနားစဖွယ် မကောင်းသလော။ ၎င်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။ လူအချို့သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးဖြစ်သော်လည်း သားသမီးဝတ်နှင့်ပတ်သက်သော အရေးကိစ္စအား သိမြင်ခြင်းမရသေးပေ။ ၎င်းတို့သည် သမ္မာတရားကို အမှန်ပင် နားမလည်ကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်။ ရိုးရာယဉ်ကျေးမှုရဲ့ နေရာတကာပျံ့နှံ့နေတဲ့ လွှမ်းမိုးမှုကြောင့် “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရားဖြစ်၏” ဆိုတာက ကျင့်ဝတ်စည်းကမ်းဖြစ်လာတယ်။ သားသမီးဝတ်က အရေးကြီးဆုံးပဲ၊ ကျွန်မက မလိုက်နာရင် လူမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ကျွန်မရဲ့ ကလေးဘဝကို ပြန်စဉ်းစားကြည့်တော့ ကျွန်မအမေက အများကြီးဒုက္ခခံတယ်၊ သူ့အတွက် မလွယ်ကူခဲ့ဘူးဆိုတာ ကျွန်မ တွေ့ရတယ်။ အဲဒါနဲ့ ကျွန်မက သူပြောတာနားထောင်မယ်၊ သူ့ကို နာကျင်အောင်မလုပ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်။ ကျွန်မအမေက ကျွန်မကို ပျိုးထောင်ဖို့ အများကြီး ဒုက္ခခံခဲ့တယ်။ ကျွန်မက သူ့ကို မရိုသေရင်၊ မနာခံရင် ကျွန်မက ကျေးဇူးမသိတတ်ဘူး၊ အကြင်နာကင်းမဲ့တယ် ပေါ့။ ဒါကြောင့် ကျွန်မအမေ ကောင်းတဲ့ဘဝကို နေနိုင်အောင်လို့ ကလေးဘဝကတည်းက စာကြိုးစားပြီး အောင်မြင်အောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ကို စိတ်မထိခိုက်အောင်လို့ သူပြောသမျှကို လုပ်ခဲ့တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ တာဝန်ထမ်းဆောင်တာ၊ သမ္မာတရားကို လိုက်စားတာက အကျိုးရှိပြီး အဓိပ္ပာယ်ရှိတယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မအမေက ကျွန်မကျောင်းမှာနေဖို့ ငိုပြီး တောင်းပန်နေတော့ အလျှော့ပေးခဲ့တယ်။ ကျွန်မအမေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် ဘုရားကို ကျွန်မ ကျေနပ်စေချင်ပေမဲ့ ကျွန်မတာဝန်ကို မထမ်းဆောင်ခဲ့ဘူး။ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရားဖြစ်၏” ဆိုတဲ့ အယူအဆနဲ့ ပိတ်မိနေခဲ့တယ်။ ဘုရားသခင်က ကျွန်မတို့ကို သူချစ်တာကို ချစ်ဖို့၊ သူမုန်းတာကို မုန်းဖို့ တောင်းဆိုပါတယ်။ ဒါတွေက ကျွန်မတို့အပေါ် ဘုရားရဲ့ တောင်းဆိုချက်တွေဖြစ်ပြီး ကျွန်မ လိုက်နာသင့်တဲ့ စည်းမျဉ်းတွေပဲ။ ကျွန်မ မိဘတွေက ဘုရားကို တကယ်ယုံကြည်ရင် သူတို့ကို ကျွန်မ ချစ်သင့်ပြီး ညီအစ်ကိုမောင်နှမတွေလို ဆက်ဆံသင့်တယ်။ ဒါပေမဲ့ သူတို့က ဘုရားကို မယုံကြည်ရင်၊ ကျွန်မကို ဖိနှိပ်တာ၊ ကျွန်မယုံကြည်မှုကို တားဆီးတာလုပ်ရင် သူတို့က သမ္မာတရားကို စက်ဆုပ်ပြီး မုန်းတီးတာပဲ။ ဘုရားကို ဆန့်ကျင်တာပဲ။ ကျွန်မက သူတို့ပြောတဲ့အတိုင်း မျက်စိစုံမှိတ်ပြီး လိုက်မလုပ်သင့်ဘူး။ ကျွန်မအမေက ဘုရားကို ယုံကြည်ပေမဲ့ သမ္မာတရားကို မလိုက်စားဘူး။ ကျွန်မကို တာဝန်မထမ်းဆောင်ဖို့ တားဆီးတယ်။ သူက မယုံကြည်သူတစ်ယောက်၊ ဘုရားရဲ့ ရန်သူတစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ကျွန်မက အရင်က ပိုင်းခြားသိမြင်မှုမရှိဘူး။ သူတို့ရဲ့ ကလေးအနေနဲ့ ကျွန်မက မိဘတွေကို ရိုသေလေးစားသင့်ပြီး အမြဲတမ်းနားထောင်သင့်တယ်၊ ဒါက လူ့သဘာဝနဲ့ အသိတရားရှိတာပဲလို့ ထင်ခဲ့တယ်။ အဲဒီအခါကျမှ ဒီမှားနေတဲ့အမြင်က သမ္မာတရားနဲ့မကိုက်ညီဘူးဆိုတာကို မြင်ခဲ့တယ်။ မိဘကို ရိုသေလေးစားခြင်းက စည်းမျဉ်းတွေနဲ့ညီသင့်တယ်။ မျက်စိစုံမှိတ် နာခံခြင်း မဖြစ်သင့်ဘူး။ ဒါက လက်တွေ့လုပ်ဖို့ စည်းမျဉ်းပဲ။

နောက်ပိုင်းမှာ ကျွန်မ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တယ်။ “ယခုတွင် ပေတရု လျှောက်လှမ်းခဲ့သည့် တိကျသည့်လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သင့်ပေသည်။ ပေတရု၏ လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်လျှင် ယနေ့ လုပ်ဆောင်နေသည့် အမှုနှင့်ပတ်သက်၍ သင် သေချာလိမ့်မည်၊ ထို့ကြောင့် သင်သည် မငြီးငြူဘဲ၊ အပျက်သဘောမဆောင်ဘဲ၊ သို့မဟုတ် မည်သည့်အရာကိုမျှ တောင့်တ တော့မည်မဟုတ်။ ထိုအချိန်က ပေတရု၏ စိတ်နေစိတ်ထားကို သင် တွေ့ကြုံသင့်သည်။ သူသည် ဝမ်းနည်းမှု ဖိစီးနေခဲ့သည်။ အနာဂတ်တစ်ခု သို့မဟုတ် မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ သူ မတောင်းဆိုခဲ့တော့ပေ။ အကျိုးအမြတ်၊ ပျော်ရွှင်ခြင်း၊ ကျော်ကြားမှု သို့မဟုတ် လောကထဲရှိ ပစ္စည်းဥစ္စာတို့ကို သူ မရှာဖွေခဲ့ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပေးဆပ်ဖို့နှင့် သူ လုံးဝအဖိုးတန်ဆုံးဟု ယူဆသည့် အရာကို ဘုရားသခင်အား ဆက်ကပ်ဖို့ဖြစ်သော အဓိပ္ပါယ်အရှိဆုံး အသက်တာကို အသက်ရှင်ဖို့သာ သူ ကြိုးစားခဲ့သည်။ ထို့နောက်တွင် သူ၏ စိတ်နှလုံးထဲ၌ ကျေနပ်ခဲ့ရသည်။...သူ၏ စစ်ဆေးခံရခြင်းနှင့်ဆိုင်သည့် မချိတင်ကဲဝေဒနာ အတော အတွင်းတွင်၊ ယေရှုသည် သူ့ထံ တစ်ဖန် ပေါ်လာခဲ့ပြီး၊ ‘ပေတရု၊ ငါ၏ စုံလင်ခြင်း ပုံဆောင်ခဲတစ်ခုဖြစ်သည့် အသီးအပွင့်တစ်ခုနှင့် ငါ မွေ့လျော်မည့်အရာ သင်ဖြစ်လာသည်အထိ ငါသည် သင့်ကို စုံလင်အောင် ပြုဖို့ ဆန္ဒရှိသည်။ ငါ့အတွက် သင် အမှန်တကယ် သက်သေခံနိုင်သလော။ သင်လုပ်ဆောင်ရန် ငါ စေခိုင်းသည့်အရာကို လုပ်ဆောင်ပြီးပြီလော။ ငါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင် အသက်ရှင်နေထိုင် ပြီးပြီလော။ တစ်ချိန်က သင် ငါ့ကို ချစ်ခဲ့သည်၊ သို့သော် သင်ငါ့ကို ချစ်ခဲ့သော်လည်း ငါ့ကို သင် အသက်ရှင်နေထိုင်ပြီးပြီလော။ ငါ့အတွက် သင် မည်သည့်အရာ လုပ်ဆောင်ပြီးပြီနည်း။ သင်သည် ငါ၏ ချစ်ခြင်းမေတ္တာနှင့် မထိုက်သည်ကို သင်သတိပြုမိသော်လည်း ငါ့အတွက် သင် မည်သည့်အရာကို လုပ်ဆောင်ပြီးပြီနည်း’ ဟု ဆိုခဲ့သည်။ ယေရှုအတွက် သူ ဘာမျှ မလုပ်ဆောင်ခဲ့သည်ကို ပေတရုမြင်ခဲ့ပြီး ဘုရားသခင်အား သူ၏ အသက်တာကို ပေးရန် သူ၏ယခင်ကျမ်းသစ္စာကို သူ သတိရခဲ့သည်။ ထို့ကြောင့်၊ သူသည် နောက်ထပ် မညည်းညူတော့သကဲ့သို့ ထိုအချိန်မှစ၍ သူ၏ ဆုတောင်းချက်များက များစွာ သာ၍ကောင်းမွန်လာခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ) ဒါက ပေတရုကို သခင်ယေရှုက မေးတဲ့အရာပဲ။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မကို ဒီလိုပဲ မေးနေသလို ခံစားမိတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးတယ်။ “ငါ ဘုရားအတွက် ဘာလုပ်ပြီးပြီလဲ။ ပေတရုက ဘုရားကို အရမ်းချစ်တော့ သခင့်နောက်လိုက်ဖို့ အရာရာကို စွန့်လွှတ်နိုင်တယ်။ ဒါပေမဲ့ ငါကရော။ ဘုရားက ငါ့ကို အသက်ပေးတယ်။ ဒါပေမဲ့ ငါက သူ့အတွက် ဘာလုပ်ပေးခဲ့လဲ။ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ ငါ စဉ်းစားသမျှက ငါ့မိဘတွေနဲ့ ငါ့အနာဂတ်ပဲ။ ငါက မိဘတွေရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်နိုင်အောင် စာသင်ဖို့၊ ငွေရှာဖို့အတွက် ငါ့အချိန်တွေအကုန်လုံးကို အသုံးချဖို့တောင် ဆန္ဒရှိခဲ့တယ်။ ငါက သူတို့မျှော်လင့်သလို ဖြစ်မလာနိုင်ရင် ငါက သူတို့ကို စိတ်ပျက်စေတယ်လို့ ခံစားရပြီး အပြစ်ရှိသလို ခံစားရမှာပဲ။ ဒါပေမဲ့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ငါ့ရဲ့တာဝန်ကို ထမ်းဆောင်မနေခဲ့ဘူး။ ဒါတောင်မှ ငါက ဘုရားကို စိတ်ပျက်စေတယ်လို့ မခံစားရဘူး။ ငါ့မှာ အသိတရားမရှိဘူး” ပေါ့။ ပေတရုရဲ့ အတွေ့အကြုံကို စဉ်းစားကြည့်တော့ သူ့မိဘတွေက သူ့ကို ပိတ်ပင်ပေမဲ့ သူတို့ ဆန့်ကျင်တာကို သူဂရုမစိုက်ဘဲ သခင်ယေရှုနောက်လိုက်ဖို့ အရာရာကို စွန့်လွှတ်ခဲ့တယ်။ သူက တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့သူပဲ။ ကျွန်မတို့ကို ဘုရားသခင်က ဖန်ဆင်းတယ်။ ဒီတော့ ဘုရားကို ယုံကြည်ပြီး ကိုးကွယ်တာက ကျွန်မတို့အတွက် မှန်ကန်ပြီး သဘာဝကျတယ်။ ဘုရားသခင်က ကျွန်မကို ရွေးချယ်ပြီး သူ့ရှေ့ကို ခေါ်ဆောင်ခဲ့တယ်။ ကျွန်မကို ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးပေးခဲ့တယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းက တကယ် ကြီးမြတ်ပါတယ်။ ပေတရုလိုပဲ ဘုရားရဲ့ ချစ်ခြင်းကို ကျွန်မ ပြန်ပေးဆပ်ပြီး ဘုရားနောက်ကိုလိုက်ဖို့ အရာရာကို စွန့်လွှတ်ရမယ်။ နောက်ကျတော့ ကျွန်မကို ထပ်ပြီး ခွန်အားရစေတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ဖတ်ရတယ်။ “နိုးထလော့၊ ညီအစ်ကိုတို့။ နိုးထလော့၊ ညီအစ်မတို့။ ငါ၏နေ့ရက်သည် ကြန့်ကြာလိမ့်မည်မဟုတ်။ အချိန်သည် အသက်ဖြစ်ပြီး၊ အချိန်ကို ပြန်လည် မလွှတ်တမ်း အသုံးချဖို့ဆိုသည်မှာ အသက်ကို ကယ်တင်ဖို့ဖြစ်၏။ အချိန်သည် အလှမ်းမဝေးလှပေ။ အကယ်၍ သင်တို့သည် ကောလိပ် ဝင်ခွင့်စာမေးပွဲ ကျရှုံး ပါက၊ သင်တို့ ကြိုက်နှစ်သက်သလောက် အကြိမ်များစွာ လေ့လာပြီး ပြန်ဖြေနိုင်သည်။ သို့သော် ငါ၏နေ့ရက်သည် နောက်ထပ် ကြန့်ကြာခြင်းကို သည်းခံလိမ့်မည်မဟုတ်။ အမှတ်ရကြလော့။ အမှတ်ရကြလော့။ ငါသည် သင်တို့ကို ဤကောင်းမြတ်သော နှုတ်ကပတ်တော်များဖြင့် တိုက်တွန်း၏။ ကမ္ဘာကြီး၏ နိဂုံးသည် သင်တို့၏မျက်စိရှေ့တွင် ဖွင့်ဟကာ ကြီးမားသော ဘေးဒုက္ခတို့သည် ရုတ်ခြည်းနီးကပ် လာကြ၏။ မည်သည့်အရာ သာ၍ အရေးကြီးသနည်း- သင်တို့၏ အသက်တာလော သို့မဟုတ် သင်တို့၏အိပ်စက်ခြင်း၊ သင်တို့၏အစားအသောက်နှင့် အဝတ်အစားတို့လော။ ဤအရာများကို ချိန်ဆရန် သင့်အတွက် အချိန်ကျရောက်လာလေပြီ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၀))ဆက်စောင့်ကြည့်လော့။ ဆက်စောင့်ကြည့်လော့။ ဆုံးရှုံးသွားသောအချိန်သည် မည်သည့်အခါတွင်မျှ တစ်ဖန် လာလိမ့်မည် မဟုတ်- ဤသည်ကို အမှတ်ရကြလော့။ နောင်တကို ကုသပျောက်ကင်းစေသောဆေး လောကတွင် မရှိ။ ထို့ကြောင့်၊ ငါသည် သင်တို့ကို အဘယ်သို့ ပြောဆိုသင့်သနည်း။ ငါ၏နှုတ်ကပတ်တော်သည် သင်တို့၏ သတိရှိသည့်၊ အဖန်ဖန် စဉ်းစားဆင်ခြင်ခြင်းနှင့် မထိုက်တန်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၀)) ဘုရားနှုတ်ကပတ်တော်တစ်လုံးချင်းစီက ကျွန်မစိတ်နှလုံးကို နက်နက်ရှိုင်းရှိုင်း တို့ထိခဲ့တယ်။ အခု အချိန်က မရှိတော့ဘူး။ ကပ်ဘေးတွေက ကြီးလာနေပြီး တစ်ကမ္ဘာလုံးက နိုင်ငံတွေက ဝရုန်းသုန်းကားဖြစ်နေကြပြီ။ တစ်ရက်ပြီးတစ်ရက် အချိန်တွေ ကုန်လာသလို သမ္မာတရားကို လိုက်စားခြင်းက အရမ်းအရေးပါပါတယ်။ ကျွန်မက ဘုရားသခင်ရဲ့ အမှုတော်ကို အမီမလိုက်ဘဲ သွေးသားဆန္ဒနဲ့ဆိုင်တာတွေနောက်လိုက်ပြီး ကျွန်မရဲ့ ကျောင်းစာတွေ၊ အနာဂတ်နဲ့ မိသားစုတွေလိုအရာမျိုးတွေကို အာရုံစိုက်နေရင် ဘုရားသခင်ရဲ့ အမှုတော်ပြီးဆုံးတဲ့အချိန်ရောက်ရင် သမ္မာတရားကို လိုက်စားဖို့ အရမ်းနောက်ကျသွားမှာပဲ။ သမ္မာတရားမရှိရင် ကပ်ဘေးတွေထဲမှာ ကျွန်မ ပျက်စီးပြီး အပြစ်ဒဏ်ပေးခံရမှာပဲ။ နောင်တရဖို့ အရမ်းနောက်ကျသွားမယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းက ကျွန်မဆီကို နောက်တစ်ကြိမ်ရောက်လာပြီ။ ဒီအခွင့်အရေးကို ကျွန်မ ဖမ်းဆုပ်ပြီး သမ္မာတရားကို လိုက်စားရမယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့အတွက် ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ရမယ်။

ကျွန်မ ကျောင်းထွက်မယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ ကျွန်မအမေကို ပြောတာပေါ့။ “အမေ၊ သမီး ကျောင်းပြန်မသွားတော့ဘူး။ ဘယ်သူက ဘာပြောပြော သမီး ဂရုမစိုက်ဘူး။ သမီးကိုယ့်လမ်းကိုယ်လျှောက်မှာကို အမေ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီးတော့ပေါ့။ သူက ပြောတယ်။ “နင့်အဒေါ်က ပြောပြီးပြီ။ နင် ကျောင်းပြီးလို့ ဘွဲ့ရတာနဲ့ သူက နင့်အတွက် အလုပ်တစ်ခု စီစဉ်ပေးလိမ့်မယ်။ နောက်ကျရင် ငါတို့က နင့်အတွက် အဖော်ကောင်းတစ်ယောက်ရှာပေးနိုင်တယ်။ ပျော်ရတဲ့ဘဝကို နေနိုင်တယ်” တဲ့။ ဒါပေမဲ့ ကျွန်မအမေရဲ့ စကားတွေက ကျွန်မကို မဖျောင်းဖျနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုရင် အမေ ကျွန်မကို ဆက်ဆံတဲ့ပုံစံဟာ မေတ္တာကြောင့် မဟုတ်မှန်း အခု ကျွန်မနားလည်သွားလို့ပဲ။ သူက ကျွန်မရဲ့ လတ်တလော အကျိုးစီးပွားကိုပဲ ထည့်စဉ်းစားနေတာ။ ကျွန်မရဲ့ ဘဝ၊ ကျွန်မရဲ့ အနာဂတ်ပန်းတိုင်ကို မစဉ်းစားဘူး။ အဲဒီမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရမိတယ်။ “ငါ့အား ပြောလော့။ လူတို့နှင့် သက်ဆိုင်သောအရာရာတိုင်းသည် မည်သူ့ထံမှ အစပြုလာသနည်း။ လူသား၏အသက်အတွက် မည်သူက အကြီးဆုံးသောဝန်ကို ထမ်းသနည်း။ (ဘုရားသခင်ဖြစ်သည်။) ဘုရားသခင်သည်သာ လူတို့ကို အချစ်ဆုံးဖြစ်၏။ လူတို့၏ မိဘများနှင့် ဆွေမျိုးများက ၎င်းတို့ကို အမှန်တကယ် ချစ်သလော။ ထိုသူတို့ပေးသော ချစ်ခြင်းသည် စစ်မှန်သော ချစ်ခြင်းဖြစ်သလော။ ယင်းသည် လူတို့ကို စာတန်၏ စွမ်းအားမှ ကယ်တင်နိုင်သလော။ မကယ်တင်နိုင်ပေ။ လူတို့သည် ထုံထိုင်းပြီး တုံးအကြသည်။ ဤအရာများကို မမြင်နိုင်ဘဲ ‘ဘုရားသခင်က ငါ့ကို ဘယ်လိုချစ်တာလဲ။ ငါတော့မခံစားရပါဘူး။ ဘာပဲဖြစ်ဖြစ် ငါ့အမေနဲ့အဖေက ငါ့ကို အချစ်ဆုံးပဲ။ ငါ အရွယ်ရောက်တဲ့အခါ တစ်ခုခုဖြစ်မြောက်အောင် လုပ်နိုင်ဖို့၊ အောင်မြင်နိုင်ဖို့၊ ကြယ်ပွင့်တစ်ပွင့်၊ နာမည်ကြီးတစ်ယောက်ဖြစ်နိုင်ဖို့အတွက် ကျောင်းစာတွေသင်ဖို့ ပိုက်ဆံအကုန်အကျခံပြီး နည်းပညာပိုင်း ကျွမ်းကျင်မှုတွေကို သင်ခိုင်းတယ်။ ငါ့မိဘတွေက ငါ့ကို ပျိုးထောင်ပေးပြီး ပညာရေးပံ့ပိုးပေးဖို့အတွက် ပိုက်ဆံတွေ အများကြီးအကုန်ခံပြီး အစားအစာအတွက် ခြိုးခြံချွေတာတယ်။ ဒါဟာ ဘယ်လောက်ကြီးတဲ့ ချစ်ခြင်းလဲ။ ငါ ဘယ်တော့မှ ပြန်ဆပ်နိုင်မှာမဟုတ်ဘူး’ ဟူ၍ အစဉ်သဖြင့် ပြောဆိုကြသည်။ ဤသည်မှာ ချစ်ခြင်းဟု သင်တို့ ထင်သလော။ သင့်မိဘများက သင့်အား အောင်မြင်စေရန်၊ ကမ္ဘာလောကတွင် နာမည်ကြီးသူတစ်ယောက် ဖြစ်လာစေရန်၊ အလုပ်ကောင်းတစ်ခုရပြီး ကမ္ဘာကြီးတွင် အံဝင်ခွင်ကျဖြစ်စေရန် ပြုလုပ်ပေးခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်းတို့သည် သင့်အား အောင်မြင်မှုနောက်သို့ လိုက်ဖို့၊ သင့်မိသားစုအား ဂုဏ်ရှိအောင် လုပ်ဆောင်ဖို့ မရပ်မနား စေခိုင်းကာ ကမ္ဘာလောက၏ ဆိုးယုတ်သော ရေပန်းစားသောအရာများတွင် အံဝင်ခွင်ကျဖြစ်စေသည်။ ဤသို့အားဖြင့် အဆုံးတွင် သင်သည် စာတန်၏ ဝါးမျိုခြင်းမခံရမီ အပြစ်၏ ဝဲဂယက်ထဲသို့ ကျရောက်ကာ ထာဝရပြစ်ဒဏ်ခံရပြီး ပျက်စီးလေသည်။ ဤသည်မှာ ချစ်ခြင်းဖြစ်သလော။ ဤသည်မှာ သင့်အား ချစ်ခြင်းမဟုတ်ပေ။ သင့်အား ထိခိုက်ခြင်း၊ သင့်အား ဖျက်ဆီးခြင်းတည်း။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်) ကျွန်မအမေက ကျွန်မ အကျိုးအတွက်ပဲ လုပ်နေတာလို့ ထင်ရပေမဲ့၊ ကျွန်မ ကျောင်းတက်ရဖို့အတွက် စားတာ၊ ဝတ်တာတွေ ချွေတာပြီး အပင်ပန်းခံအလုပ်လုပ်ပေမဲ့ ကျွန်မ သင်ရတဲ့အရာတွေမှာ ကျွန်မကို ဘုရားဆီကနေ ဝေးကွာစေပြီး ဘုရားရဲ့ တည်ရှိမှုကို ငြင်းဆန်စေမဲ့ ဆိုးယုတ်တဲ့ အဆိပ်တွေ၊ အတွေးမှားတွေပါနေတယ်ဆိုတာ သူ သတိမထားမိဘူး။ ကျောင်းသားတွေ သင်ရတဲ့ “ကယ်တင်ရှင် မည်သည့်အခါကမျှ မရှိခဲ့ပေ” “လူသားသည် သာယာသောဇာတိမြေကို မိမိ၏ ကိုယ်ပိုင်လက်များဖြင့် ဖန်တီးနိုင်၏” “အနာမခံလျှင် အသာမစံရ” “ထင်ရှားကျော်ကြားမှုရရှိခြင်းသည် သူ၏ ဘိုးဘေးများအတွက် ဂုဏ်အသရေယူဆောင်လာသည်” ဆိုတာမျိုး ဘုရားမဲ့ အယူအဆတွေက ကျွန်မတို့ အကြိုက်ဆုံးအရာတွေအတွက် ကြိုးစားအောင်၊ သူများတွေထက်သာဖို့ လူအုပ်စုထဲမှာ ထင်ပေါ်ဖို့ ကြိုးစားအောင်လုပ်တယ်။ လူတွေက ဒီအယူအဆတွေ၊ အမြင်တွေအတိုင်း အသက်ရှင်ပြီး ဘုရားရဲ့ စည်းကမ်းကို ချိုးဖောက်ပြီး ကိုယ့်ကံကြမ္မာကို ကိုယ့်လက်နဲ့ရေးကြဖို့ ကြိုးစားကြတယ်။ နောက်ဆုံးကျ သူတို့က ဘုရားကို ပိုပိုပြီးတော့ ဆန့်ကျင်ပြီး ငြင်းဆန်ကြတယ်။ ကယ်တင်ခံရဖို့ အခွင့်အရေးကို ဆုံးရှုံးကြရတယ်။ ဒါဟာ စာတန်ရဲ့ ဆိုးယုတ်တဲ့လမ်းကြောင်းပဲ။ ဒါတွေကို လိုက်စားရင် ဘုရားနဲ့ ပိုပြီးတော့ဝေးပြီး စာတန်ရဲ့ ဖျက်ဆီးခြင်းဆီကိုပဲ ရောက်သွားနိုင်တယ်။ ငရဲဆီကို ကျွန်မကို တွန်းပို့မှာပဲ။ ဒီအချိန်မှာ ကျွန်မမိဘတွေရဲ့ ချစ်ခြင်းက စစ်မှန်တဲ့ချစ်ခြင်းမဟုတ်ဘဲ ဘုရားသခင်ရဲ့ ချစ်ခြင်းက စစ်မှန်တဲ့ချစ်ခြင်းပဲဆိုတာ ကျွန်မ နားလည်သွားတယ်။ ထင်ပေါ်ပြီးတော့ မိသားစုနာမည်အတွက် ဂုဏ်ရှိဖို့ ကြိုးစားတာက ဘဝမှာ မှန်ကန်တဲ့ လမ်းကြောင်းမဟုတ်ဘူး။ သမ္မာတရားကို လိုက်စားပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ခြင်းကသာ ဘုရားသခင်ရဲ့ ကွယ်ကာမှုကို ရရှိလိမ့်မယ်။ ဒါတွေအားလုံးကို ကျွန်မ နားလည်သွားတာနဲ့ ကျောင်းကထွက်ပြီး ဘုရားအတွက် တာဝန်တစ်ခုမှာ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ ကျွန်မ အမေကို ပြောလိုက်တယ်။ “အမေ၊ အမေက သမီးကို ဆက်ပြီး ကျောင်းတက်စေချင်တယ်။ အလုပ်ကောင်းကောင်းရှာစေချင်တယ်။ ခင်ပွန်းကောင်းတစ်ယောက်ရှာပြီး သမီးကို အောင်မြင်မှုရအောင် လုပ်စေချင်တယ်။ ဒါပေမဲ့ သမီးက ဒီလိုမျိုးနဲ့ ပျော်မယ်၊ ကံကောင်းလိမ့်မယ်လို့ အာမခံနိုင်သလား။ မခံနိုင်ဘူး။ ဘယ်သူမှ အာမ မခံနိုင်ဘူး။ အမေ၊ အမေ့ဘဝမှာ လုပ်ခဲ့တဲ့ အကောင်းဆုံးအရာက သမီးတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဧဝံဂေလိကို ဖြန့်ဝေပြီး သမီးကို လမ်းမှန်ရောက်အောင် ပို့ပေးခဲ့တာပဲ။ ဒါက လုံးဝ မှန်တယ်” ပေါ့။ ကျွန်မအမေက ခဏလောက် တိတ်သွားတယ်။ နောက်ကျတော့ “ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ အဆက်အသွယ်မပြတ်နဲ့။” ဆိုပြီး ပြောတယ်။ အဲဒီနောက်တော့ ကျွန်မ ကျောင်းကိုသွားပြီး ကျောင်းထွက်ဖို့လုပ်တယ်။ ကျောင်းရဲ့အပြင်ဘက်ကို ကျွန်မ ခြေချလိုက်တာနဲ့ တကယ် လွတ်လပ်သွားတယ်။ ကျွန်မရဲ့ ကျောင်းပညာရေးတွေ၊ မိသားစုတွေက ချုပ်ချယ်တာ မခံရတော့ဘူး။ နောက်ဆုံးတော့ အသင်းတော်မှာ ကျွန်မတာဝန်ကို ထမ်းဆောင်နိုင်ခဲ့တယ်။

ဒါတွေအားလုံးက အရင် သုံးလေးနှစ်တုန်းကပါ။ ဒါပေမဲ့ ဒီအကြောင်းတွေ စိတ်ထဲမှာ ပေါ်လာတိုင်း တော်တော် ပျော်တယ်။ ကျွန်မရဲ့ တာဝန်နဲ့ ကျောင်းပညာရေးတွေကြားကို မှန်မှန်ကန်ကန် ရွေးချယ်ဖို့၊ ဘဝမှာ မှန်ကန်တဲ့လမ်းကို လျှောက်ဖို့ ကျွန်မကို အခွင့်ပေးခဲ့တာက ဘုရားရဲ့ တစ်ဆင့်ချင်း လမ်းပြမှုပါပဲ။ ဘုရားရဲ့ ချစ်ခြင်းနဲ့ လေးနက်တဲ့ ရည်ရွယ်ချက်ကို ကျွန်မ တကယ်ခံစားခဲ့ရတယ်။ အခုဆို ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကျွန်မ ထမ်းဆောင်နိုင်ပြီ။ ကျွန်မ ဘဝက အချည်းနှီးမဖြစ်တော့ဘူး။ ကျွန်မ တကယ် ပျော်တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ခင်တွယ်မှုများက မူအရဖြစ်ရမည်

ရှန့်ရှန့် အမေရိကန်နိုင်ငံ ကလေးတစ်ယောက်အနေနဲ့ ကျွန်မ မိဘတွေနဲ့ ဆရာတွေက လူကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ကျေးဇူးတင်တတ်ဖို့ သွန်သင်ပေးခဲ့တယ်။...

အသင်းတော်အလုပ်ကို ကာကွယ်ခြင်းက ကျွန်မ၏ တာဝန်ဖြစ်သည်

ယီးရွှင် ဂျပန်နိုင်ငံ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အသင်းတော်က ခေါင်းဆောင်သစ်ရွေးကောက်ဖို့ လိုအပ်ခဲ့တယ်။ တစ်နေ့မှာ၊ ခေါင်းဆောင်တွေက၊...

ကျွန်ုပ်၏နေရာကို ရှာတွေ့ပြီ

ရှီးဖန် တောင်ကိုရီးယားနိုင်ငံ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ၊ အရမ်းကို ကျွန်မ ထက်ထက်သန်သန် လိုက်စားခဲ့တယ်။ အသင်းတော်က ဘာတာဝန်ပဲ စီစဉ်ပါစေ၊...

သင်းအုပ်ဆရာတွေနဲ့ ကျွန်တော်ရဲ့ ငြင်းခုံဆွေးနွေးမှု

ကျဲမုန် အိန္ဒိယ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှာ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။